မြန်မာ အမျိုးသား လေကြောင်း(MNA) က ပြည်ပခရီးစဉ် တွေ အဓိက ပြေးဆွဲနေတဲ့ ဘိုးရင်း - 737-800လေယာဉ်တွေ ပျံသန်းမှုတွေ ရပ်နားထားတယ်လို့ သိရပါတယ်။ MNA မှာ ဘိုးရင်း လေယာဉ်နှစ်စင်း ပြည်ပခရီးစဉ်တွေ အဓိက ထားပြေးဆွဲနေတာဖြစ်ပြီး တစ်စင်းပြီး တစ်စင်း ပျံသန်းမှု ရပ်နားကုန်တာကြောင့် မြန်မာနိုင်ငံက ခရီးသည်တွေ အပေါ် သက်ရောက်မှုရှိတယ်လို့ လေယာဉ်လက်မှတ် အရောင်းဌာနတွေ နဲ့ လေကြောင်း ခရီးစဉ် ဆက်စပ်လုပ်ငန်း လုပ်ကိုင်သူတွေ ဆီက သိရပါတယ်။ MNA ဘိုးရင်း 737- 800 နှစ်စီးဟာ ရန်ကုန် - ဘန်ကောက် ခရီးစဉ်မှာ အဓိက ပြေးဆွဲနေတဲ့ လေယာဉ် တစ်စင်းဖြစ်တယ်လို့ လည်းသိရပါတယ်။
MNA ရဲ့ပြည်ပခရီးစဉ်တွေကို ဘိုးရင်း- 737 -800
လေယာဉ် နှစ်စင်းနဲ့ အဓိက ပြေးဆွဲနေတာဖြစ်ပြီး လက်ရှိမှာ နှစ်စင်းလုံးပျံသန်း မှုကရပ်နားထားရတယ်လို့ သိရပါတယ်။ အခုလို ဘိုးရင်း လေယာဉ်နှစ်စင်းပျံသန်းမှု ရပ်နားထားတာကြောင့် ခရီးစဉ်အချိန်ပြောင်းလဲတာ၊ ခရီးစဉ်လျှော့ချတာ နဲ့ တချို့ ပြည်ပ ခရီးစဉ်တွေ ဖျက်သိမ်းတာတွေ ဖြစ်လာနိုင်တယ်လို့ လေကြောင်း ခရီးစဉ် ဆက်စပ်လုပ်ငန်း လုပ်ကိုင်သူတွေ ဆီကသိရပါတယ်။ လေယာဉ်ပြန်လည်ပြုပြင်ထိန်းသိမ်းရေး လုပ်ဆောင်ဖို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ပျဲသန်းမှုတွေ ရပ်နား လိုက်တာလို့လည်း သိရပါတယ်။ "MNA က ပြည်ပဆွဲတဲ့လေယာဉ်က တစ်စီးပဲရှိတာ အဲ့လေယာဉ်က မနေ့က မန္တလေးမှာပျက်နေတာ ပြည်ပခရီးစဉ် အကုန် Cancelled လုပ်ထားတယ်။ အခုရက်ပိုင်းတွေဆိုရင် ပြည်ပခရီးစဉ်ဆိုရင် Flight Cancelled ဖြစ်ထားတယ်။ ဖေဖော်ဝါရီ ၇ ရက်နေ့ အထိနောက်ဆက်တွဲကတော့ ဘယ်လိုလာမယ်မသိဘူး။ " လို့ လေကြောင်းလုပ်ငန်းနီးစပ်သူတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်မှာပြေးဆွဲ နေတဲ့ MNA က ဘိုးရင်း 737 -800 လေယာဉ် တစ်စင်း ပျံသန်းမှု ရပ်နားလိုက်တာကြောင့် ATR လေယာဉ် နှစ်စီးနဲ့ ရန်ကုန် - ဘန်ကောက် ခရီးစဉ်ကို အစားထိုး ပြေးဆွဲမယ်လို့ သိရပါတယ် “ အစားထိုးပြီးတော့ ဆွဲပေးမယ်လို့သိထားသလို KG ကတော့ 20 KG ပဲပေးမယ်လို့တော့သိထားတယ် “ အဆိုပါ လေကြောင်းလုပ်ငန်း နဲ့ နီးပစ်သူကပြောပါတယ်။ MNA ဟာ ဘိုးရင်း 737 - 800 လေယာဉ် နှစ်စီး၊ ATR 72-600 ရှစ်စီးနဲ့ ပြည်တွင်း၊ ပြည်ပ ခရီးစဉ်တွေ ပြေးဆွဲနေခြင်း ဖြစ်တယ်လို့ သိရပါတယ်။MNA လေကြောင်းလိုင်း ဟာ ယခင်က ရန်ကုန်မြို့ကနေ တရုတ်နိုင်ငံ ကူမင်းမြို့ကို ဘိုးရင်း - 737- 800 လေယာဉ်နဲ့ ပြေးဆွဲခဲ့ဖူးပြီး စက်ချို့ယွင်းမှုတွေကြောင့် ခရီးစဉ် ယာယီရပ်နားခဲ့ဖူးပါတယ်။



