ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့၊ လွယ်ပြားကျေးရွာရှိ နာမည်ကျော် အရှင်သမိုင်း လွယ်ပြားနတ်စင် ဖျက်ဆီးခံလိုက်ရကြောင်း မြို့ခံများထံမှ သိရသည်။ယမန်နေ့တွင် နတ်စင်မှ ဗုဒ္ဓရုပ်ပွားတော်၊ ဆင်းတုတော်၊ မြင်းရုပ်ပွားတော် နှင့် ဘုရားပန်းအိုးများ အကုန် ဖျက်ဆီးခြင်းခံခဲ့ရကြောင်း မြို့ခံများက ပြောသည်။ဖျက်ဆီးတဲ့သူက ဘယ်လို ရည်ရွယ်ချက်နဲ့ ဖျက်ဆီးလည်းတော့ မသိဘူး။ ကျွန်မတို့ မြို့ပေါ်မကဘူး၊ ရွာဖက် ဒေသခံတွေကပါ ကိုးကွယ်တယ်၊ အားကိုးတယ်၊ ယုံကြည်တဲ့အရာကို ခုလို ဖျက်ဆီးခံရတော့ တော်တော် စိတ်မကောင်း ဖြစ်ရတယ်။ ဗုဒ္ဓဘုရားဟောတဲ့ အတိုင်းပဲ ကောင်းတာလုပ်ရင် ကောင်းတာရမယ်၊ မကောင်းတာလုပ်ရင် မကောင်း တာရမယ်။ ကိုယ်လုပ်ရင် ကိုယ်ပဲခံရမှာပါ"ဟု မြို့ခံတစ်ဦးက ပြောသည်။လွယ်ပြားနတ်စင်သည် ပင်လောင်းမြို့နယ်တွင် အကြီးဆုံးနတ်စင်ဟု သတ်မှတ်ပြီး တစ်မြို့နယ်လုံး ကိုးကွယ်သည့် နတ်စင်လည်း ဖြစ်သည်။ လက်ရှိတွင် သက်ဆိုင်ရာ အာဏာပိုင်များက စုံစမ်းစစ်ဆေးမှု ပြုလုပ်နေပြီး ဖျက်ဆီးသူကို အမြန် ဖမ်းမိအောင် လုပ်ဆောင်လျက်ရှိကြောင်း မြို့ခံများက ဆိုသည်။
အရှင်သမိုင်း လွယ်ပြားနတ်စင်သည် ဒေသခံများ အစဉ်အဆက် ယုံကြည် ကိုးကွယ်ခဲ့သည်မှာ နှစ်ပေါင်း ၁၀၀ ကျော် ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။



