back

မြန်မာနိုင်ငံမှာ ငလျင်လှုပ်ရှားမှုကို ဖြစ်စေတဲ့ မြေထုချပ် တိုးဝင်တဲ့ ဖြစ်စဉ်ကြောင့် ငလျင်လှုပ်ရှားမှုတွေ ဆက်ရှိနေနိုင်

Feb 05 • 1:24 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

မြန်မာနိုင်ငံမှာ ငလျင်လှုပ်ရှားမှုကို ဖြစ်စေတဲ့ မြေထုချပ် တိုးဝင်တဲ့ ဖြစ်စဉ်ကြောင့် ငလျင်လှုပ်ရှားမှုတွေ ဆက်ရှိနေနိုင်

မြန်မာနိုင်ငံမှာ ငလျင်လှုပ်ရှားမှုကို ဖြစ်စေတဲ့ ပြတ်ရွေ့တွေ ရှိနေတဲ့အပြင် အိန္ဒိယမြေထုချပ်က မြန်မာမြေထုချပ်အောက် တိုးဝင်နေတဲ့ ဖြစ်စဉ်ကြောင့် ငလျင်လှုပ်ရှားမှုတွ...

မြန်မာနိုင်ငံမှာ ငလျင်လှုပ်ရှားမှုကို ဖြစ်စေတဲ့ ပြတ်ရွေ့တွေ ရှိနေတဲ့အပြင် အိန္ဒိယမြေထုချပ်က မြန်မာမြေထုချပ်အောက် တိုးဝင်နေတဲ့ ဖြစ်စဉ်ကြောင့် ငလျင်လှုပ်ရှားမှုတွေ ကြုံတွေ့ရနိုင်‌သေးတယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၊ မြေငလျင်ဌာနခွဲ (နေပြည်တော်) မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးနဲ့ ဘူမိဗေဒ ပညာရှင်တွေက ပြောပါတယ်။လက်ရှိ မြန်မာနိုင်ငံမှာ လူသိများ ထင်ရှားတဲ့ စစ်ကိုင်းပြတ်ရွေ့၊ အနောက်ဘက်မှာဆိုပါက ကဘော်ပြတ်ရွေ့၊ အရှေ့ဘက်မှာ ကျောက်ကြမ်းပြတ်ရွေ့၊ နန်းမပြတ်ရွေ့အပြင် ကုလားတန်ပြတ်ရွေ့၊ မိုးမိတ်ပြတ်ရွေ့၊ ရွှေလီပြတ်ရွေ့၊ ဖာပွန်ပြတ်ရွေ့၊ မြောက်ဦးပြတ်ရွေ့ စတဲ့ ပြတ်ရွေ့ကြီးတွေ ရှိနေသလို ပြတ်ရွေ့ငယ်များစွာလည်း တည်ရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရဲ့ အနောက်ဘက်ခြမ်းနဲ့ အနောက်မြောက်ဘက်ခြမ်းတွေမှာ ဆိုရင်လည်း အိန္ဒိယမြေထုချပ်ဟာ ယူရေးရှားမြေထုချပ်ရဲ့ အစိတ်အပိုင်းဖြစ်တဲ့ မြန်မာမြေထုချပ်အောက်ကို တနှစ်ကို ပျမ်းမျှ ၃ ဒသမ ၅ စင်တီမီတာနှုန်းနဲ့ တိုးဝင်နေတဲ့အတွက် ငလျင် လှုပ်ခတ်မှုတွေ ဖြစ်ပေါ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

မိုး/ဇလဌာန၊ မြေငလျင်ဌာနခွဲရဲ့ တိုင်းထွာရရှိချက်အရ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့၊ ည ၁၀ နာရီ၊ ၄ မိနစ်ဝန်းကျင်က စေတုတ္တရာမြို့နဲ့ မိုင် ၂၀ ခန့်အကွာ၊ မြေအောက်အနက် ၅၈ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်(ခ်)တာစကေး ၆ ဒသမ ၀ အဆင့် အင်အား အသင့်အတင့်ရှိ ငလျင်လှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ဆက်လက်ပြီး အဲဒီ ဖေဖော်ဝါရီ ၃ ရက်နေ့၊ ည ၁၀ နာရီ ၂၁ မိနစ်ဝန်းကျင်ကလည်း စေတုတ္တရာမြို့နဲ့ ၂၆ မိုင်ခန့်အကွာ၊ မြေအောက်အနက် ၄၄ ကီလိုမီတာကို ဗဟိုပြုပြီး ရစ်(ခ်)တာစကေး ၅ ဒသမ ၂ အဆင့် အင်အား အသင့်အတင့်ရှိ ငလျင်တခု ထပ်မံ လှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။အင်အား ၆ ဒသမ ၀ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကို ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အများအပြား အပါအဝင် မင်းတပ်၊ အောင်လံ၊ မကွေး၊ ချောက်၊ ရေနံချောင်း၊ မန္တလေး၊ ပြင်ဦးလွင်၊ တောင်ကြီး၊ လွိုင်ကော်၊ မိတ္ထီလာ၊ မြင်းခြံ၊ မြင်းမူ၊ မုံရွာ၊ ညောင်ဦး၊ ရန်ကုန်၊ နေပြည်တော်၊ ပျဥ်းမနား၊ တောင်ငူ၊ ပြည် အစရှိတဲ့ မြို့တွေမှာ သိသိသာသာ ခံစားခဲ့ကြရတယ်လို့ သိရပါတယ်။လက်ရှိ တချို့သော လူမှုကွန်ရက် စာမျက်နှာတွေမှာ ငလျင်လှုပ်ခတ်မှုနဲ့ ပတ်သက်လို့ ဘယ်နှစ်နာရီအတွင်း လှုပ်ရှားမယ် ဆိုတာမျိုး ရေးသား ပြောဆိုနေတာတွေလည်း ရှိနေတဲ့အတွက် ပြည်သူတွေအနေနဲ့ ချင့်ချိန် ယုံကြည်သင့်ပြီး ငလျင်လှုပ်ရှားမှုကို နေ့ရက်၊ အချိန် အတိအကျ သတိပေး ပြောဆိုနိုင်တဲ့နိုင်ငံ ဒီကနေ့အထိ တနိုင်ငံမှ မရှိသေးဘူးလို့ သူက ပြောပါတယ်။မြန်မာနိုင်ငံမှာ မြေငလျင်တွေ ဖြစ်ပွားရတဲ့ အဓိက အကြောင်းရင်း နှစ်ခုရှိကာ ပထမအကြောင်းရင်းကတော့ မြောက်ဘက်ကို ရွေ့လျားနေတဲ့ အိန္ဒိယမြေထုချပ်ကြောင့်ဖြစ်ပြီး ဒုတိယအကြောင်းရင်းကတော့ မြန်မာမြေထုချပ်ဟာ မြောက်ဘက်ကို တနှစ်မှာ ၂ ဒသမ ၅ စင်တီမီတာကနေ ၃ စင်တီမီတာနှုန်းခန့် ပုံမှန် ရွေ့လျားနေတာကြောင့် ဖြစ်တယ်လို့ ဘူမိဗေဒ ပညာရှင်တွေက ပြောပါတယ်။

လက်ရှိ လေ့လာချက်တွေအရ အိန္ဒိယ ကျောက်လွှာချပ်ဟာ နှစ်ခြမ်းကွဲထွက်နေပြီး အဲဒီ ကွဲထွက်မှုဟာ နီပေါ၊ အိန္ဒိယ အရှေ့မြောက်ပိုင်း၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံ အောက်တည့်တည့်မှာ ဖြစ်ပေါ်နေတာလို့ ဆိုပါတယ်။လက်ရှိမှာ အပေါ်ယံအလွှာက ဘူတန်ဘက်ကို မြောက်ဘက်အတိုင်း တိုးဝင်လျက်ရှိကာ ဟိမဝန္တာတောင်တန်းတွေကို ပိုမို တွန်းတင်နေပြီး အောက်ဘက်အလွှာကတော့ ညာဘက်ကိုစောင်းကာ ငုပ်လျှိုးသွားတာကြောင့် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်နဲ့ မြန်မာနိုင်ငံအောက်က ဘူမိဗေဒကို ပြောင်းလဲစေတယ်လို့ သူက ပြောပါတယ်။ဒီဖြစ်စဉ်ကြောင့် အဲဒီ ဒေသတွေတလျှောက်မှာ လာမယ့် နှစ်ပေါင်းများစွာအထိ ငလျင်တွေ ပိုမို ဖြစ်ပွားလာဦးမှာ ဖြစ်ပါတယ်။ ဒါဟာ ကြောက်လန့်အောင် ပြောတာမဟုတ်ပါဘူး။ လက်ရှိ ဖြစ်ပျက်နေတဲ့ ပကတိအခြေအနေသာ ဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။ဒါကြောင့် ကြိုတင် ပြင်ဆင်မှုအနေနဲ့ မိမိနေထိုင်ရာ အဆောက်အအုံတွေရဲ့ ကြံ့ခိုင်မှုကို အလေးထား ဆောင်ရွင်သင့်သလို ငလျင် မလှုပ်ခင်၊ လှုပ်စဉ်၊ လှုပ်ပြီး အခြေအနေတွေနဲ့ ပတ်သက်လို့လည်း သတိပြုလိုက်နာ ဆောင်ရွက်သင့်တာတွေကို ကြိုတင် လေ့လာထားစေလိုတယ်လို့ ငလျင်ပညာရှင်တွေက အသိပေး ပြောဆိုထားပါတယ်။


news-view-count-icon

29