ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်အရေအတွက်စာရင်း များ ကို ယနေ့ ဖေဖော်ဝါရီလ ၃ ရက် တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာချက်အမှတ် ( ၃၁ / ၂၀၂၆ )ဖြင့် ထုတ်ပြန်လိုက်သည်။ယင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် စတင်၍ အပိုင်းလိုက်ကျင်းပသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ပြည်သူ့ လွှတ်တော်မဲဆန္ဒနယ် ၂၆၃ နယ်၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၇၃ နယ်နှင့် အချိုး ကျကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ် ၂၆ နယ်၊ တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် ၂၅၅ နယ်နှင့် အချိုးကျကိုယ်စားပြုစနစ် (PR) မဲဆန္ဒနယ် ၄၂ နယ်၊ တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၂၉ နယ်၊ စုစုပေါင်း မဲဆန္ဒနယ် ၆၈၈ နယ်တွင် ကျင်းပခဲ့ပြီးဖြစ်ကြောင်းဖော်ပြထားသည်။လွှတ်တော်အသီးသီးအတွက် မဲဆန္ဒနယ်အလိုက် ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်များအား ထုတ်ပြန်ကြေညာပေးခဲ့ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း အပိုင်းလိုက် ပါဝင်သည့် မဲဆန္ဒနယ်အလိုက် ကြေညာချက် ၂၄ စောင်ဖြင့် ထပ်ဆင့်ထုတ်ပြန်ကြေညာပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်ကော်မရှင်အဖွဲ့ခွဲများက၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲတွင် နိုင်ငံရေးပါတီကိုယ်စားပြု/တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် သက်ဆိုင်ရာ လွှတ်တော်အလိုက် ရွေးကောက်တင်မြှောက်ခံရကြောင်းကြေညာခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။



