မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံ (အင်ရောင်း)၊ လိမ်းဆေးထုတ်လုပ်ရေးဌာနရှိ ၁၅၁ ပေ x ၂၅ ပေ မှာ လိမ်းဆေးများ တိုးမြှင့်ထုတ်လုပ်ရန်နှင့် ဆေးအမယ်သစ်များ ထုတ်လုပ်ခြင်းလုပ်ငန်းအား အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် စက်မှုဝန်ကြီးဌာနမှ အိတ်ဖွင့် တင်ဒါခေါ်ယူထားကြောင်း သိရပါတယ်။အဆိုပါ လုပ်ငန်းများကို စိတ်ပါဝင်စားသူများအနေဖြင့် တင်ဒါလျှောက်လွှာပုံစံများအား ဖေဖော်ဝါရီ ၄ ရက်နေ့မှ စတင်ကာ နေပြည်တော်ရှိ မြန်မာ့ဆေးဝါးလုပ်ငန်း၊ ရုံးအမှတ် (၃၇) တွင် ရောင်းချပေးနေပြီး ဖေဖော်ဝါရီ ၂၇ နေ့ ညနေ ၄ နာရီမှာ တင်ဒါတင်သွင်းမှုပိတ်သိမ်းမှာဖြစ်သလို အသေးစိတ်အချက်အလက်များကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းနိုင်တယ်လို့ သိရပါတယ်။
ဆေးဝါးစက်ရုံ (အင်ရောင်း)ကို မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်မြို့နယ်၊ ဟန်မြင့်မိုရ်ကျေးရွာ အနီးတွင် ၂၀၀၃ ခုနှစ်မှ စတင်တည်ထောင်ကာ ထိုးဆေး ၂၂ မျိုး၊ သွေးကြောသွင်းဆေးရည် ၅ မျိုး၊ ဆေးမှုန့် ၇ မျိုး၊ တစ်ခါသုံးဆေးထိုးအပ် ၃ မျိုး၊ မျက်စဉ်းဆေး ၁ မျိုးနှင့် ဆေးရည် ၂ မျိုး၊ စုစုပေါင်း ဆေး ၄၀ မျိုးကို ထုတ်လုပ်လျက်ရှိတယ်လို့လည်း စက်မှုဝန်ကြီးဌာနမှ သိရပါတယ်။



