နီကိုလာ့စ် မာဒူရိုကို အမေရိကန်က ဖမ်းဆီးပြီးနောက် ဗင်နီဇွဲလားရဲ့ ရေနံ တင်ပို့မှုဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာတစ်ရက်ကို စည်ပေါင်း ၄၉၈,၀၀၀ ရှိခဲ့ရာကနေ ဇန်နဝါရီလအတွင်း တစ်ရက်ကို စည်ပေါင်း ၈၀၀,၀၀၀ အထိ မြင့်တက်လာခဲ့ပါတယ်။ရေနံ ပိတ်ဆို့မှု အဆုံးသတ်လိုက်တာကြောင့် တင်ပို့မှု အများစုကို ကုန်သည်တွေ သယ်ယူခွင့် ရရှိနေပြီ ဖြစ်ကြောင်း သင်္ဘော တင်ပို့မှုဆိုင်ရာ အချက်အလက်တွေက ဖော်ပြထားပါတယ်။မာဒူရိုကို ဖိအားပေးရေး အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ နိုင်ငံကို ဝါရှင်တန်က ဒီဇင်ဘာလ အတွင်း ရေနံ ပိတ်ဆို့မှု ပြုလုပ်ပြီး ရေနံတင်သင်္ဘော ၇ စီးကို ဖမ်းဆီးခဲ့တာလည်းဖြစ်ပါတယ်။အခုလို ပိတ်ဆို့ထားမှုကြောင့် ကမ်းပေါ်က တိုင်ကီတွေနဲ့ သင်္ဘောတွေပေါ်မှာ ရေနံစိမ်းနဲ့ လောင်စာ စည်ပေါင်း သန်း ၄၀ ကျော်အထိ စုပြုံသွားခဲ့ပါတယ်။
အဲဒီ ရေနံစိမ်းတွေကို ပြည်ပသို့ တင်ပို့လို့ မရတာကြောင့် ဗင်နီဇွဲလား အစိုးရပိုင် PDVSA ကုမ္ပဏီက ဇန်နဝါရီလ လဆန်းပိုင်းမှာ ထုတ်လုပ်မှု လျှော့ချခဲ့ပါတယ်။အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဇန်နဝါရီလအတွင်း ကုန်သည်တွေအတွက် ပထမဆုံး လိုင်စင်တွေကို သက်တမ်း တိုးပေးလိုက်ပြီးနောက် ဗင်နီဇွဲလားရဲ့ ရေနံ တင်ပို့မှု ပိုများလာခဲ့ပါတယ်။အိုပက်ဇ် အဖွဲ့ဝင် ဗင်နီဇွဲလားရဲ့ ကုန်စည် တင်ပို့မှု၊ ရေနံထုတ်လုပ်မှုနဲ့ သန့်စင်မှုတွေလည်း အရှိန်မြင့်တက်လာခဲ့ကြောင်း ရေနံတင် သင်္ဘောများ ခုတ်မောင်းသွားလာမှုဆိုင်ရာ အချက်အလက်တွေက ဖော်ပြနေပါတယ်။
ဇန်နဝါရီလအတွင်း ဗင်နီဇွဲလားရဲ့ ရေနံတင်ပို့မှု သိသိသာသာ မြင့်တက်လာခဲ့ပေမယ့် ၂၀၂၅ ခုနှစ် အလားတူ ကာလက ရေနံတင်ပို့မှုထက် လျော့နည်းနေသေးတယ်လို့ သိရပါတယ်။



