မြန်မာနိုင်ငံရဲ့ ဒြပ်မဲ့အမွေအနှစ်အဖြစ် ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းမှာ တင်သွင်းဖို့ရှိတဲ့ မြန်မာလက်ဖက်ကို အားပေးသုံးဆောင်နိုင်မယ့် ‘မြန်မာ့လက်ဖက်ပွဲတော်’ကို လာမယ့် ဖေဖော်ဝါရီလ(၁၂)ရက်ကနေစလို့(၁၄)ရက်အထိစိမ်းလန်းစိုပြေမှာ ကျင်းပသွား မှာဖြစ်တယ်လို့ သိရပါတယ်။ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ၊မြန်မာနိုင်ငံလက်ဖက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းတို့ပူးပေါင်းပြီးတော့ကျင်းပတာဖြစ်ပါတယ်။
‘’အခုကျင်းပမယ့်ပွဲကတော့ ‘မြန်မာ့လက်ဖက်ပွဲတော်’ဖြစ်ပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ ကျွန်မတို့ရဲ့ မြန်မာ့လက်ဖက်က တောင်ပေါ်ဒေသမှာပေါက်ရောက်ပါတယ်။တောင်ပေါ်လက်ဖက်ကသူ့ချည်းပဲစားလို့မရပါဘူး။ မြေပြန့်ကထွက်တဲ့ပဲဆီ၊နှမ်းဆီ၊အကြော်စုံတွေနဲ့ ရောပြီးစားမှသာလက်ဖက်သုတ်တစ်ပွဲအဖြစ် ပြည့်စုံခြင်းဖြစ်တဲ့ အတွက်ကြောင့်မို့ ဒါဟာညီညွတ်ခြင်းဆိုတဲ့အဓိပ္ပာယ်လည်းရပါတယ်။ဒါလေးကတစ်ချက်ပေါ့။ နောက်တစ်ချက်က လက်ဖက်စားသုံးတယ်ဆိုတာမြန်မာနိုင်ငံသားတိုင်းသိပါတယ်။အားလုံးလည်းအရွယ်စုံ၊လူမျိုးစုံ၊ဘာသာစုံစားသုံးကြတယ်ဆိုတာ သိကြတယ်။ဒါကို ကမ္ဘာ့နိုင်ငံအသီးသီးကလည်း နားလည်သိရှိသဘောပေါက်သူတို့လည်း နှစ်သက်ပြီးတော့စားသုံးဖို့ရည်ရွယ် ပါတယ်။ကမ္ဘာ့အမွေအနှစ်လေးဖြစ်စေချင်ပါတယ်။လက်ဖက်စိုကိုစားသုံးတာက မြန်မာတစ်နိုင်ငံတည်းရှိတာကို လူငယ်လူရွယ်တွေသိရှိပြီးအဲဒီ့ဓလေ့လေးရိုးရာလေးမပျောက်ပျက်အောင်ထိန်းသိမ်းပြီးတော့စောင့်ရှောက်စေလိုပါတယ်”
လို့ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဥက္ကဌ၊ဒေါ်စန္ဒာခင်က ပြောပါတယ်။‘မြန်မာ့လက်ဖက်ပွဲတော်’မှာ လက်ဖက်လုပ်ငန်းရှင်တွေကလည်း ပြခန်း(၁၅)ခန်းပြသကာ အများပြည်သူကို အခမဲ့လက်ဖက်ကျွေးမွေးတာ၊ လက်ဖက်နဲ့ ပတ်သက်လို့ စကားဝိုင်းတွေထည့်သွင်းကျင်းပတာတွေလည်း ဆောင်ရွက်သွားဖို့ရှိတယ်လို့ မြန်မာနိုင်ငံလက်ဖက်အသင်း(ယဉ်ကျေးမှုနှင့်ထုတ်ကုန်အကြံပေး)၊ဒုဥက္ကဌ မနေခြည်မြတ်ထွန်း ကလည်းပြောကြားထားပါတယ်။ 'မြန်မာ့လက်ဖက်ပွဲတော်'ကျင်းပမယ့်အကြောင်းကို ဒီကနေ့ ဖေဖော်ဝါရီလ(၂)ရက်က မီဒီယာရှင်းလင်းပွဲကျင်းပခဲ့တယ်လို့ သိရပါတယ်။


