ထိုင်း မိုးလေဝသဌာန က ၂၀၂၆ ခုနှစ် နွေရာသီဟာ မနှစ်ကထက် ပိုပူပြင်းမယ်လို့ ခန့်မှန်းထားပါတယ်။ ဒီနှစ်နွေရာသီဟာ ပုံမှန်ထက် ၂ ပတ်လောက် နောက်ကျပြီး ဖေဖော်ဝါရီလကုန်လောက်မှ စတင်မှာဖြစ်ကာ မေလလယ်အထိ ကြာမြင့်မှာ ဖြစ်ပါတယ်။ ရာသီဥတုအခြေအနေကတော့ ပူပြင်းတဲ့ဒဏ်နဲ့ မုန်တိုင်းထန်တဲ့အခြေအနေတွေ တစ်လှည့်စီ ဖြစ်ပေါ်နေမှာပါ။ထိုင်းမြောက်ပိုင်းမှာ ပျမ်းမျှအမြင့်ဆုံးအပူချိန် ၃၆ ဒီဂရီစင်တီဂရိတ်ကနေ ၃၇ ဒီဂရီစင်တီဂရိတ်လောက်အထိ ရှိနိုင်ပြီး ဒါဟာ ပုံမှန်ထက် အနည်းငယ် ပိုမြင့်မားနေတာ ဖြစ်ပါတယ်။ မိုးရွာသွန်းမှုကတော့ ပုံမှန်ထက် ၃၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းလောက် လျော့နည်းနိုင်ပါတယ်။ အထူးသဖြင့် Mae Hong Son ၊ Lampang နဲ့ Tak တို့လို ဒေသတွေမှာ အပူချိန် ၄၂ ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်နိုင်တယ်လို့ သတိပေးထားပါတယ်။ဧပြီလကုန်ကနေ မေလလယ်ပိုင်းရောက်ရင်တော့ အနောက်တောင်မုတ်သုံလေ စတင်ဝင်ရောက်လာတာကြောင့် မိုးရွာသွန်းမှု ပိုများလာမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ထိုင်းတောင်ပိုင်း ဘက်မှာ မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး ကမ်းရိုးတန်းဒေသ ၆၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းလောက်အထိ မိုးဖုံးလွှမ်းနိုင်ပါတယ်။



