သင်္ဘောတစ်စီးမှ အခြားတစ်စီးသို့ တရားမဝင် ရေနံလွှဲပြောင်းမှု ပြုလုပ်သည်ဟု သံသယရှိရသော ရေနံတင်သင်္ဘောနှစ်စင်းကို မလေးရှား အာဏာပိုင်များက ပီနန်ပြည်နယ်၊ မူကာဟတ်ဒ်ခရိုင် အနောက်ဘက် ရေမိုင် ၂၄ မိုင်အကွာတွင် ပြီးခဲ့သည့်အပတ်က ဖမ်းဆီးထိန်းသိမ်းကာ ရင်းဂစ် ၅၁၂ သန်းကျော် (အမေရိကန်ဒေါ်လာ ၁၂၉.၉ သန်း) တန်ဖိုးရှိ ရေနံစိမ်းများကို သိမ်းဆည်းလိုက်ကြောင်း မလေးရှားပင်လယ်ရေကြောင်း တရားဥပဒေစိုးမိုးရေအေဂျင်စီ (MMEA) ဇန်နဝါရီ ၃၁ ရက် တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ရေနံတင်သင်္ဘောများပေါ်တွင် မြန်မာ၊ တရုတ်၊ အီရန်၊ ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံသား အမှုထမ်း ၅၃ ဦး ပါဝင်သည်။ အဆိုပါ ရေနံတင်သင်္ဘောများကို ခွင့်ပြုချက်မရှိဘဲ ကျောက်ချရပ်နားမှု (ဒဏ်ငွေ ရင်းဂစ် ၁၀၀,၀၀၀) နှင့် တရားမဝင် သင်္ဘောအချင်းချင်း ရေနံလွှဲပြောင်းမှု (တစ်စင်းလျှင် ဒဏ်ငွေ ရင်းဂစ် ၂၀၀,၀၀၀) တို့ဖြင့် အရေးယူနိုင်ရန် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။



