မန္တလေးတွင် လယ်ယာမြေများကိုကျေးရွာမြေအဖြစ်တိုးချဲ့သတ်မှတ်ပေးမည်ဟူသော သတင်းများလည်း ဆက်တိုက်ထွက်ပေါ်နေခြင်းကြောင့် အိမ်ခြံမြေဈေးနှုန်းများမှာ ချက်ချင်းမြင့်တက်လာခဲ့ကြောင်း ဒေသခံ အကျိုးဆောင်များထံမှ သိရသည်။ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ပုသိမ်ကြီးမြို့နယ်ရှိ နန်းဦးလွင်၊ ကန်ကောက်နှင့် ဘူးကုန်းကျေးရွာများမှ လယ်ယာမြေများကို ကျေးရွာမြေအဖြစ် ပြောင်းလဲသတ်မှတ်ပေးလိုက်သည်ဟုဆိုသည့် သတင်းများလည်း ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။အဆိုပါကျေးရွာ ၃ ရွာတွင် မူလက ရွာမြေ ၉၁ ဧကရှိခဲ့ပြီး ထပ်မံတိုးချဲ့ရန်အတွက် စုစုပေါင်း ၄၈၅ ဧကအထိ တိုးချဲ့ခွင့်ပြုလိုက်သည်ဟူသော အမိန့်စာတစ်စောင်မှာလည်း လူမှုကွန်ရက်စာမျက်နှာများ၌ ပျံ့နှံ့လျက်ရှိကြောင်း ဒေသခံများက ဆိုထားကြသည်။လက်ရှိအချိန်တွင် အဆိုပါကျေးရွာများရှိ အနည်းဆုံးမြေကွက်ဈေးနှုန်းမှာ ကျပ်သိန်း ၅၀၀ အထိရှိနေပြီး အခြားကျေးရွာများတွင်လည်း ၈၀ ရာခိုင်နှုန်းကျော်အထိ ဈေးနှုန်းများမြင့်တက်ခဲ့ကြောင်း သိရသည်။



