အယ်လ်ဘာတာပြည်နယ် လွတ်လပ်ရေး ရရှိရေး ကြိုးပမ်းနေတဲ့ ခွဲထွက်ရေးသမားတွေနဲ့ အမေရိကန် အရာရှိတွေ ဇန်နဝါရီ ၂၉ ရက်က တွေ့ဆုံခဲ့တယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်လို့ ကနေဒါ ဝန်ကြီးချုပ် မက် ကာနေက အမေရိကန်အစိုးရအနေနဲ့ ကနေဒါရဲ့ အချုပ်အခြာအာဏာကို လေးစားဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။စွမ်းအင်တွေ ထုတ်လုပ်နေတဲ့ အနောက်ပိုင်းပြည်နယ်တွေ ကနေဒါကနေ ခွဲထွက်သင့်၊ မသင့် လူထု ဆန္ဒခံယူပွဲ ကျင်းပရေး တွန်းအားပေးနေတဲ့ အယ်လ်ဘာတာ သာယာဝပြောရေး (APP) ပါတီနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတွေ သုံးကြိမ် တွေ့ဆုံခဲ့ပါတယ်။အမေရိကန်အစိုးရအနေနဲ့ ကနေဒါရဲ့ အချုပ်အခြာ အာဏာကို လေးစားမယ်လို့ မျှော်လင့်ကြောင်းနဲ့ သမ္မတ ဒေါ်နယ် ထရန့်နဲ့ တွေ့ဆုံချိန်မှာ အဲဒီ သက်ရောက်မှု အကြောင်းကို မိမိ အမြဲ ပြောဆိုခဲ့ကြောင်း ကာနေက ဆိုပါတယ်။အယ်လ်ဘာတာဒေသ ခွဲထွက်ရေး ကိစ္စနဲ့ ပတ်သက်လို့ ထရန့်က တစ်ခါမှ မပြောဆိုခဲ့ဖူးကြောင်းလည်း ကာနေက ပြောပါတယ်။
အယ်လ်ဘာတာ ပြည်နယ်ဝန်ကြီးချုပ် ဒန်နီရယ် စမစ်က သူ့အနေနဲ့ ကနေဒါရဲ့ တစ်စိတ်တစ်ပိုင်းး အဖြစ် ဆက်နေလိုပေမယ့် လူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းက ဗဟိုအစိုးရဟာ ပြည်နယ် အတွင်းရေးမှာ ဝင်ရှုပ်နေတယ်လို့ ထင်မြင်ကြောင်း စစ်တမ်းက ဖော်ပြထားပါတယ်။အနီးအနားရှိ ဗြိတိသျှကိုလမ်ဘီယာ ပြည်နယ်ကတော့ ခွဲထွက်မယ့် အကြံကို ပယ်ချထားပါတယ်။ဗြိတိသျှကိုလမ်ဘီယာ ဝန်ကြီးချုပ် ဒေးဗစ် အီဗီက ပြည်ပနိုင်ငံတစ်ခုဆီ သွားရောက်ပြီး ကနေဒါနိုင်ငံကို ဖြိုခွဲဖို့ တောင်းဆိုတာဟာ နိုင်ငံတော် သစ္စာဖောက်မှု ဖြစ်တယ်လို့ ပြောထားပါတယ်။



