ထိုင်းနိုင်ငံအတွင်း နိုင်ငံခြားခရီးသွားဈေးကွက်ကို ပစ်မှတ်ထားတဲ့ တရားမဝင် ခရီးသွားလုပ်ငန်းတွေ လျင်မြန်စွာ ပျံ့နှံ့လာနေတာကြောင့် ထိုင်းခရီးသွားလုပ်ငန်းဦးစီးဌာနက ဒီနှစ်အတွင်း စစ်ဆေးမှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့ ပြင်ဆင်နေပါတယ်။ ထိုင်းခရီးသွားအေးဂျင့် အဖွဲ့အစည်း (Atta) ရဲ့ ဒုတိယဥက္ကဋ္ဌ Vathanachai Chatrirath က အိန္ဒိယ ခရီးသွားတွေ လာရောက်လည်ပတ်မှု မြင့်တက်လာပေမယ့် ရရှိလာတဲ့ ဝင်ငွေတွေက ဒေသခံ လုပ်ငန်းရှင်တွေဆီ မရောက်ဘဲ တရားမဝင် ကုမ္ပဏီတွေဆီ ရောက်ရှိနေတာကြောင့် စိုးရိမ်မိကြောင်း ပြောကြားခဲ့ပါတယ်။တရားဥပဒေ စိုးမိုးမှု အားနည်းချက်ကြောင့် တရားမဝင် လုပ်ငန်းလုပ်ကိုင်ဖို့ လွယ်ကူနေပြီး တချို့ကုမ္ပဏီတွေက ထိုင်းနိုင်ငံသား အမည်ခံ (Nominee) အသုံးပြုကာ လည်ပတ်နေကြသလို ငွေကြေးခဝါချမှုတွေအတွက် မျက်နှာဖုံးအဖြစ်လည်း သုံးစွဲနေကြတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် အိန္ဒိယ ခရီးသွားတွေ အလာများတဲ့ ပတ္တရားလို နေရာမျိုးမှာ ဒီလိုလုပ်ရပ်တွေ အများဆုံး တွေ့ရပြီး ခရီးသွားတွေကို ဈေးနှုန်းလျှော့ချ ရောင်းချတာမျိုးနဲ့ ခြိမ်းခြောက်တာမျိုးတွေ ပြုလုပ်နေကြပါတယ်။ပြီးခဲ့တဲ့နှစ်အတွင်း ခရီးသွားကုမ္ပဏီပေါင်း ၂,၂၇၅ ခုကို စစ်ဆေးခဲ့ရာမှာ ၈၄ ခုက တရားမဝင် လုပ်ကိုင်နေတာကို တွေ့ရှိခဲ့ရပြီး ဧည့်လမ်းညွှန် ၇၄၆ ဦးကို စစ်ဆေးရာမှာ ၇၄ ဦးက စည်းကမ်းချိုးဖောက်မှုတွေ ရှိခဲ့ကြောင်း သိရပါတယ်။ အဲဒီလို တရားမဝင် လုပ်ဆောင်မှုတွေထဲမှာ လိုင်စင်မရှိဘဲ လုပ်ကိုင်တာ၊ လိုင်စင်ပြသထားခြင်း မရှိတာ၊ ခရီးသွား အာမခံ မထားရှိတာနဲ့ ထိုင်းနိုင်ငံသား အမည်ခံ အသုံးပြုတာတွေ ပါဝင်နေပါတယ်။ခရီးသွားလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Jaturon Phakdeewanit က ဒီနှစ်မှာ ခရီးသွားကုမ္ပဏီနဲ့ ဧည့်လမ်းညွှန်တွေကို ၁၀ ရာခိုင်နှုန်း ပိုမိုစစ်ဆေးသွားဖို့ ရှိပြီး ခရီးသွားရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ လက်ရှိမှာ တရုတ်၊ တောင်ကိုရီးယားနဲ့ ဥရောပ ဈေးကွက်တွေကို ပစ်မှတ်ထားတဲ့ တရားမဝင် လုပ်ငန်းတွေလောက် အိန္ဒိယ ဈေးကွက်မှာ မများပြားသေးပေမယ့် သံသယဖြစ်ဖွယ် လုပ်ငန်းတွေကို ဆက်လက် စောင့်ကြည့်သွားမယ်လို့ ဆိုပါတယ်။



