ပြည်တွင်း၌သရက်သီးရာသီရောက်လုနီးပါးရှိလာသော်လည်း သရက်ခြံများတွင် ပင်ပြတ်ဝယ်ယူမှုများ မရှိသလောက်နည်းပါးလျက်ရှိကြောင်း မန္တလေးဒေသခံ ခြံစိုက်တောင်သူများထံမှ သိရသည်။ယခင်က တရုတ်ဈေးကွက်သို့တင်ပို့ရောင်းချရန်အတွက် သရက်ပင်များကို ရာသီကာလမတိုင်မီကတည်းက ကြိုတင်၍ပင်ပြတ်ဝယ်ယူလေ့ရှိသော်လည်း နောက်ပိုင်းတွင် နိုင်ငံရေးအခြေအနေအရပ်ရပ်ကြောင့် သယ်ယူပို့ဆောင်ရေးခက်ခဲလာသည့်အတွက် သရက်ဝယ်ယူမှုများနည်းပါးလာခြင်းဖြစ်သည်။Covid 19 ရောဂါဖြစ်ပွားမှုနှင့်နိုင်ငံရေးအခြေအနေပြောင်းလဲမှုများကြောင့် တရုတ်ကုန်သွယ်ရေးလမ်းကြောင်းများ အကြပ်အတည်းရှိလာသည့်အတွက် သရက်ဝယ်ယူမှုများလျော့နည်းကျဆင်းလာခဲ့ရခြင်းဖြစ်ကြောင်း တောင်သူများက ဆိုကြသည်။
ယခုကဲ့သို့ သရက်ဝယ်ယူမှုများလျော့နည်းလာခြင်းကြောင့် တောင်သူများအနေဖြင့် ဝင်ငွေပိုင်းဆိုင်ရာ ထိခိုက်မှုကြီးမားခဲ့ကြောင်း သိရသည်။ယခင်က သရက်ပင်တစ်ပင်လျှင်အနည်းဆုံး ကျပ် ၁၀ သိန်းမှ သိန်း ၂၀ ကြားအထိရှိပြီး တောင်သူတစ်ဦးလျှင် တစ်နှစ်စာအတွက် ပျမ်းမျှကျပ်သိန်းရာနှင့်ချီကာ ဝင်ငွေရလေ့ရှိကြောင်း တောင်သူများကဆိုသည်။



