အိန္ဒိယနိုင်ငံ၊ အနောက်ဘင်ဂေါ ပြည်နယ်မှာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကစပြီး ကျန်းမာရေးဝန်ထမ်း ၂ ဦးမှာ Nipah ဗိုင်းရပ်စ် ကူးစက်ခံရတာကို တွေ့ရှိခဲ့ပေမယ့် လက်ရှိမှာတော့ ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း အိန္ဒိယ အာဏာပိုင်တွေက ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ လူနာတွေနဲ့ ထိတွေ့ခဲ့သူ ၁၉၆ ဦးကို စစ်ဆေးခဲ့ရာမှာ ရောဂါပိုး မတွေ့ရှိရပါဘူး။ထိုင်းနိုင်ငံမှာတော့ ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုဦးစီးဌာန (DMS) ညွှန်ကြားရေးမှူးချုပ် Rajavithi ဆေးရုံကို သွားရောက်ခဲ့တာနဲ့ ပတ်သက်ပြီး Nipah ဗိုင်းရပ်စ် ရောက်ရှိနေပြီဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်ခဲ့ပေမယ့် တာဝန်ရှိသူတွေက ဒါဟာ မဟုတ်မှန်ကြောင်း ငြင်းဆိုထားပါတယ်။ အဲဒီခရီးစဉ်ဟာ ကြိုတင်ပြင်ဆင်မှု အစီအစဉ်သာဖြစ်ပြီး ထိုင်းနိုင်ငံမှာ Nipah ပိုးတွေ့လူနာ မရှိသေးကြောင်း၊ ရောဂါထိန်းချုပ်ရေးဦးစီးဌာနက အိန္ဒိယနိုင်ငံရဲ့ အခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်နေကြောင်း ပြောကြားခဲ့ပါတယ်။ထိုင်းကျန်းမာရေးဌာနတွေ အနေနဲ့ ဓာတ်ခွဲစစ်ဆေးမှုတွေကို ၆ နာရီကနေ ၈ နာရီအတွင်း အဖြေသိနိုင်အောင် ပြင်ဆင်ထားပါတယ်။ ပြည်သူတွေ အနေနဲ့ လင်းနို့တွေ ကိုက်ထားတဲ့ အသီးတွေကို မစားဖို့၊ ရေခွက်ရေအိုးတွေကို လုံခြုံအောင် ဖုံးအုပ်ထားဖို့နဲ့ လင်းနို့တွေကို လက်ဗလာနဲ့ မထိတွေ့ဖို့ အကြံပြုထားပါတယ်။ Nipah ဗိုင်းရပ်စ်ဟာ သစ်သီးစား လင်းနို့တွေကနေတဆင့် ကူးစက်နိုင်ပြီး သေဆုံးနှုန်း ၄၀ ကနေ ၇၅ ရာခိုင်နှုန်းအထိ မြင့်မားကာ လက်ရှိအချိန်ထိ ကာကွယ်ဆေး မရှိသေးပါဘူး။



