ထိုင်းနိုင်ငံ ရွေးကောက်ပွဲကော်မရှင် (EC) က ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကို ကြိုတင်မဲပေးရက်အဖြစ် သတ်မှတ်ထားပြီး အထွေထွေရွေးကောက်ပွဲနဲ့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကိုတော့ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကာလအတွင်း စနစ်တကျ ရှိစေဖို့အတွက် အရက်ရောင်းချခြင်းနဲ့ မဲဆွယ်စည်းရုံးခြင်းတွေကို ကန့်သတ်ထားတဲ့ စည်းမျဉ်းတွေ ထုတ်ပြန်ထားပါတယ်။ အရက်ရောင်းချမှု ပိတ်ပင်ခြင်း ကြိုတင်မဲပေးရက်အတွက် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက် ညနေ ၆ နာရီကနေ ဖေဖော်ဝါရီလ ၁ ရက် ညနေ ၆ နာရီအထိ အရက်ရောင်းချခြင်း၊ ဖြန့်ဝေခြင်းနဲ့ ဧည့်ခံကျွေးမွေးခြင်းတွေကို မဲဆန္ဒနယ်မြေတွေမှာ ပိတ်ပင်ထားပါတယ်။ ရွေးကောက်ပွဲနေ့အတွက်ကိုတော့ ဖေဖော်ဝါရီလ ၇ ရက် ညနေ ၆ နာရီကနေ ဖေဖော်ဝါရီလ ၈ ရက် ညနေ ၆ နာရီအထိ ပိတ်ပင်ထားပါတယ်။ လိုက်နာဖို့ ပျက်ကွက်ရင် ထောင်ဒဏ် ၆ လအထိ ဖြစ်စေ၊ ဒဏ်ငွေ ၁၀,၀၀၀ ဘတ်အထိ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရမှာ ဖြစ်ပါတယ်။



