ထိုင်းနိုင်ငံ တရားလွှတ်တော်ကနေ ဇန်နဝါရီ ၂၆ ရက်နေ့မှာ အွန်လိုင်းပေါ်က လိ-င်ပိုင်းဆိုင်ရာ အသားပေး ရုပ်ပုံနဲ့ ဗီဒီယိုတွေကို တိုင်ကြားနိုင်ပြီး ၂၄ နာရီပတ်လုံး ဖြုတ်ချခိုင်းနိုင်မယ့် အွန်လိုင်း ပလက်ဖောင်းအသစ်တစ်ခုကို စတင်မိတ်ဆက်လိုက်ပါတယ်။ ဒါဟာ မကြာသေးခင်ကမှ ပြင်ဆင်သတ်မှတ်လိုက်တဲ့ လိ-င်ပိုင်းဆိုင်ရာ ရာဇဝတ်မှုဥပဒေတွေအရ တုံ့ပြန်ဆောင်ရွက်လိုက်တာ ဖြစ်ပါတယ်။Court Integral Online Service (CIOS) လို့ အမည်ပေးထားတဲ့ ဒီပလက်ဖောင်းဟာ ဆိုက်ဘာလိ-င်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသူတွေအနေနဲ့ ရဲစခန်းသွားစရာမလိုဘဲ ရာဇဝတ်မှု တရားရုံး ကို တိုက်ရိုက်တိုင်ကြားနိုင်မယ့် ပထမဆုံးစနစ် ဖြစ်ပါတယ်။ အသုံးပြုသူတွေအနေနဲ့ Thai ID အက်ပ်ကနေတဆင့် ကိုယ်ပိုင်အချက်အလက် အတည်ပြုပြီးတာနဲ့ မသင့်လျော်တဲ့ ရုပ်ပုံတွေ၊ ဗီဒီယိုတွေကို ဖျက်သိမ်းပေးဖို့ အချိန်မရွေး ကိုယ်တိုင် တိုင်ကြားနိုင်မှာ ဖြစ်ပါတယ်။
အရင်ကဆိုရင် နစ်နာသူတွေဟာ ကွန်ပြူတာ ရာဇဝတ်မှု ဥပဒေအရ ရဲစခန်းမှာ အရင်တိုင်ကြားရပြီး အဆင့်ဆင့်သွားရတာကြောင့် ကြန့်ကြာမှုတွေ ရှိခဲ့ပါတယ်။ အခုစနစ်သစ်မှာတော့ တရားရုံးကနေ ဖျက်သိမ်းဖို့ ခွင့်ပြုလိုက်တာနဲ့ သက်ဆိုင်ရာ အွန်လိုင်းပလက်ဖောင်းတွေဆီကို အဲဒီအကြောင်းအရာတွေကို ဆိုင်းငံ့တာ၊ ဖယ်ရှားတာတွေလုပ်ဖို့ ချက်ချင်း ညွှန်ကြားသွားမှာဖြစ်လို့ လုပ်ငန်းစဉ်တွေ အများကြီး ပိုမြန်ဆန်သွားမှာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရက်က စတင်အသက်ဝင်ခဲ့တဲ့ ဥပဒေပြင်ဆင်ချက်တွေအရ အွန်လိုင်းကနေ နှောင့်ယှက်တာ၊ လိ-င်ပိုင်းဆိုင်ရာ မှတ်ချက်ပေးတာတွေကအစ ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားပါတယ်။ ဒီပလက်ဖောင်းဟာ အကြောင်းအရာတွေကို ဖယ်ရှားဖို့သက်သက်သာဖြစ်ပြီး လျော်ကြေးရလိုတာမျိုးနဲ့ တရားဥပဒေအရ ဆက်လက်အရေးယူချင်တယ်ဆိုရင်တော့ ပုံမှန်တရားရုံးလုပ်ထုံးလုပ်နည်းတွေအတိုင်း ဆက်လုပ်ရမှာဖြစ်တယ်လို့ တရားရုံးပြောခွင့်ရ Suriyan Hongwilai က ရှင်းလင်းပြောကြားထားပါတယ်။


