ထိုင်းနိုင်ငံမှာ "ဒစ္စနေးလန်း" ပေါ်လာမလားဆိုတဲ့ သံသယတွေကို ဒုတိယဝန်ကြီးချုပ် မစ္စတာ Phiphat Ratchakitprakarn က ရှင်းရှင်းလင်းလင်း တုံ့ပြန်လိုက်ပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ ကမ္ဘာ့အဆင့်မီ ဒစ္စနေးလန်းလို စီမံကိန်းကြီးကို ဖော်ဆောင်နိုင်တဲ့ အင်အားအပြည့်ရှိပြီး ဒါဟာ စိတ်ကူးယဉ်သက်သက် မဟုတ်ဘဲ တကယ်ဖြစ်လာမယ့် လက်တွေ့ကျတဲ့ ရည်မှန်းချက်တစ်ခုပါလို့ သူက အခိုင်အမာ ပြောကြားလိုက်ပါတယ်။
ဒီစီမံကိန်းက ရိုးရိုး အပန်းဖြေဥယျာဉ်အဆင့်လောက် မဟုတ်ပါဘူး။ လူ ၈၀,၀၀၀ ကျော် ဝင်ဆံ့မယ့် နိုင်ငံတကာအဆင့်မီ အားကစားကွင်းကြီးတွေ၊ ဖျော်ဖြေရေး ခန်းမကြီးတွေပါဝင်မယ့် စီမံကိန်းကြီး ဖြစ်ပါတယ်။ ကမ္ဘာကျော် ဖျော်ဖြေပွဲတွေနဲ့ အားကစားပွဲတွေကို လက်ခံကျင်းပသွားမှာဖြစ်ပြီး ကာစီနိုဝိုင်းတွေ မပါဘဲနဲ့ကို အောင်မြင်မှုရယူနိုင်မယ့် နေရာတစ်ခု ဖြစ်လာမယ်လို့ ဝန်ကြီးက ယုံကြည်ချက်ရှိရှိ ပြောထားပါတယ်။လက်ရှိမှာ သက်ဆိုင်ရာဌာနတွေက လေ့လာမှုတွေ စတင်နေပြီဖြစ်ပြီး ပုဂ္ဂလိကနဲ့ အစိုးရ လက်တွဲဆောင်ရွက်မယ့် (PPP) စနစ်နဲ့ အကောင်အထည်ဖော်သွားမှာပါ။ တည်နေရာကိုလည်း လေဆိပ်၊ ရထားလမ်းနဲ့ ရေနက်ဆိပ်ကမ်းတွေလို အခြေခံအဆောက်အအုံ အသင့်ရှိပြီးသား EEC (Eastern Economic Corridor)ဒေသကို ရွေးချယ်ထားတာကြောင့် ဘန်ကောက်၊ ပတ္တရားတို့လို မြို့ကြီးတွေနဲ့ပါ အလွယ်တကူ ချိတ်ဆက်သွားလာနိုင်မှာ ဖြစ်ပါတယ်။


