အများပြည်သူဆိုင်ရာ လုံခြုံရေး ယိုယွင်းနေတာကြောင့် လာမယ့် တရုတ် နှစ်သစ်ကူး အားလပ်ရက် ကာလအတွင်း ဂျပန်နိုင်ငံသို့ ခရီးမသွားကြဖို့ တရုတ် အစိုးရက သူတို့ရဲ့ နိုင်ငံသားတွေကို ဇန်နဝါရီ ၂၆ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။တိုကျိုနဲ့ ဘေဂျင်းကြား သံတမန်ရေး အငြင်းပွားနေချိန်မှာ အခုလို တိုက်တွန်းချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ထိုင်ဝမ်ကို တရုတ်က တိုက်ခိုက်ရင် မိမိတို့အနေနဲ့ စစ်ရေးအရ ကြားဝင် ပါရနိုင်တယ်လို့ ဂျပန် ဝန်ကြီးချုပ် ဆာနေး တာကာအိချီက နိုဝင်ဘာလအတွင်း ပြောကြားခဲ့တာကြောင့် တရုတ်က ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ပါတယ်။ဒီလို တုံ့ပြန်ရာမှာ ဂျပန်သို့ တရုတ်နိုင်ငံသားများ ခရီမသွားကြဖို့ တိုက်တွန်းချက်လည်း ပါဝင်ပါတယ်။ဂျပန်နိုင်ငံသို့ လာရောက်တဲ့ တရုတ်ခရီးသွား အရေအတွက်ဟာ စောစောပိုင်း တစ်နှစ်ကထက် ပြီးခဲ့တဲ့ လအတွင်း ၄၅ ရာခိုင်နှုန်း လျော့ကျသွားခဲ့ပြီး ၃၃,၀၀၀ လောက်ပဲ လာရောက်ခဲ့တယ်လို့ သိရပါတယ်။တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဂျပန်သို့ ခရီးမသွားကြဖို့ ဇန်နဝါရီ ၂၆ ရက်မှာ ထပ်မံ တိုက်တွန်းပြီး အထူးသဖြင့် လာမယ့် ဖေဖော်ဝါရီလအတွင်း ကျရောက်မယ့် တရုတ်နှစ်သစ်ကူးကာလမှာ ခရီးမသွားကြဖို့ တိုက်တွန်းထားပါတယ်။
လတ်တလော ဂျပန်မှာ အများပြည်သူဆိုင်ရာ လုံခြုံရေးအခြေအနေ ယိုယွင်းနေပြီး တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ တရားမဝင် ရာဇဝတ်မှု လုပ်ရပ်တွေ မကြာခဏ ဖြစ်ပွားနေကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ခရီးသွားလာမှုဆိုင်ရာဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ဂျပန်နိုင်ငံရှိ တရုတ်နိုင်ငံသားတွေ ပြင်းထန်တဲ့ လုံခြုံရေး အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရကြောင်း အဲဒီဌာနက ဆိုပါတယ်။
ဂျပန်နိုင်ငံရှိ ဒေသ တချို့မှာ ငလျင်တွေလည်း လှုပ်ခတ်နေပြီး ထိခိုက်ဒဏ်ရာရမှုတွေ ရှိနေတယ်လို့လည်း အဲဒီ ဌာနက ပြောပါတယ်။ဂျပန်နိုင်ငံသို့ လာရောက်လည်ပတ်တဲ့ ပြည်ပခရီးသည် စုစုပေါင်းရဲ့ လေးပုံတစ်ပုံဟာ တရုတ် နိုင်ငံသားတွေ ဖြစ်ပြီး ၂၀၂၅ ပထမ ၉ လအတွင်း တရုတ်နိုင်ငံက လာရောက်သူ ၇ ဒသမ ၅ သန်းနီးပါး ရှိကြောင်း ဂျပန် အစိုးရ စာရင်းဇယားတွေအရ သိရပါတယ်။



