အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ရက်စက်စွာ ဖိနှိပ်ခဲ့သည့်အတွက် အီရန်အစိုးရကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဇန်နဝါရီ၂၃ ရက်တွင် ဝေဖန်ရှုတ်ချခဲ့ကြောင်းသိရသည်။အီရန် အာဏာပိုင်များအနေဖြင့် ရက်စက်ကြမ်းကြုတ်သည့် ဖိနှိပ်မှုများကို အဆုံးသတ်ရန် မိမိတောင်းဆိုကြောင်း ဇန်နဝါရီ ၂၃ ရက် ကုလလူ့အခွင့်အရေးကောင်စီ အရေးပေါ်အစည်းအဝေးတွင် လူ့အခွင့်အရေးမဟာမင်းကြီး ဗော်လ်ကာတာ့ခ်ကတိုက်တွန်းလိုက်သည်။အဆိုပါ အရေးပေါ် အစည်းအဝေးတွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများအား အီရန်အစိုးရ၏ ဖိနှိပ်ဖြိုခွင်းမှုများကို စုံစမ်းစစ်ဆေးမှုပြုလုပ်ရန်လည်း သဘောတူခဲ့ကြသည်။၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းမှစ၍ စီးပွားရေးကျပ်တည်းမှုကြောင့် ဆန္ဒပြပွဲများ စတင်ဖြစ်ပွားခဲ့ ပြီးနောက်ပိုင်းတွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများအဖြစ်ပြောင်းလဲခဲ့သည်။အဆိုပါ ဆန္ဒပြပွဲများကို အီရန်အစိုးရက အင်အားသုံး နှိမ်နင်းခဲ့ရာအမေရိကန်ပြည်ထောင်စု အခြေစိုက်လူ့အခွင့်အရေး အုပ်စုများ၏ အဆိုအရ လူပေါင်း ၄,၅၁၉ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။



