ကနေဒါနိုင်ငံဟာ တရုတ်နဲ့ ကုန်သွယ်ရေးသဘောတူညီချက်တခု ရရှိပါက ကနေဒါကုန်ပစ္စည်းတွေအပေါ် ၁၀၀ ရာခိုင်နှုန်း အခွန်ကောက်ခံမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ခြိမ်းခြောက်လိုက်ပါတယ်။ ဘယ်လိုသဘောတူညီချက်ကို ထရန့်က ရည်ညွှန်းတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရှိရပေမယ့် ကနေဒါဝန်ကြီးချုပ် မာ့ခ်ကာနေးက တရုတ်နဲ့ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ပြီးခဲ့တဲ့ အပတ်က ကြေညာခဲ့ပြီး အခွန်လျှော့ချဖို့လည်း သဘောတူခဲ့ပါတယ်။ အဲဒီအချိန်ကတော့ ထရန့်ဟာ ဒီလုပ်ဆောင်ချက်ဟာ ကောင်းမွန်နဲ့ ကိစ္စလို့ ပြောကြားခဲ့ပေမယ့် အမေရိကန်ဦးဆောင်တဲ့ ကမ္ဘာ့အစီအစဉ် ပြိုကွဲသွားကြောင်း ဒါးဗို့စ်မှာပြောခဲ့တဲ့ မိန့်ခွန်းတခုမှာ ကနေဒါဝန်ကြီးချုပ် ကာနေးက ပြောကြားပြီးနောက် အမေရိကန်နဲ့ ကနေဒါအကြား တင်းမာမှုတွေဟာ မကြာသေးမီရက်တွေအတွင်း ကြီးထွားလာခဲ့ပါတယ်။
ကနေဒါဟာ အမေရိကန်ကြောင့် ရှင်သန်နေတာလို့ ထရန့်ကဆိုပါတယ်။ ဒါအပြင် ထရန့်က သူ့ရဲ့ ငြိမ်းချမ်းရေး ဘုတ်အဖွဲ့မှာ ကနေဒါပါဝင်ဖို့ ဖိတ်ကြားချက်ကိုလည်း ရုပ်သိမ်းခဲ့ပါတယ်။တရုတ်နိုင်ငံမှ ကုန်ပစ္စည်းတွေနဲ့ ထုတ်ကုန်တွေကို အမေရိကန် ပို့ဆောင်ဖို့ အတွက် ကနေဒါကို ကြားခံဆိပ်ကမ်း အဖြစ် ပြုလုပ်မယ်ဆိုပါက အလွန်မှားယွင်းနေတယ် "လို့ ထရန့်က ပြောပါတယ်။ အိမ်ဖြူတော်နဲ့ ကနေဒါဝန်ကြီးချုပ်ရုံးကတော့ ဒီကိစ္စကို မှတ်ချက်မပေးပါဘူး။ ကနေဒါရဲ့ အမေရိကန်ကုန်သွယ်ရေးဝန်ကြီး ဒေါမီနစ် လီဘလန့်က ကြေညာချက်တစောင်မှာ "တရုတ်နိုင်ငံနဲ့ လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်တခု ရရှိဖို့ ကြိုးပမ်းမှုမရှိပါ။" လို့ ပြောဆိုထားပြီး သဘောတူညီချက်ရရှိတာက အခွန်ဆိုင်ရာ ကိစ္စတွေ ဖြေရှင်းဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ထရန့်ရဲ့ ထပ်ခါတလဲလဲ အခွန်ကောက်ခံမှုတွေကြောင့် ကနေဒါဟာ သူ့ရဲ့ အကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက်ဖြစ်တဲ့ အမေရိကန်နဲ့ မတူညီတဲ့ ကုန်သွယ်ရေးမိတ်ဖက်တွေကို ရှာဖွေနေပြီး လက်ရှိမှာတော့ တရုတ်နိုင်ငံနဲ့ ပြန်အလှန်အခွန်လျှော့ချဖို့ သဘောတူထားပါတယ်။



