အမေရိကန်ရေတပ် စစ်သင်္ဘောအုပ်စုတစ်စုကို အီရန်နိုင်ငံဆီသို့ စေလွှတ်ထားကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ဇန်နဝါရီ ၂၂ ရက်တွင် ထုတ်ဖော်ပြောကြားထားသည်။ဆန္ဒပြသမားများကို သတ်ဖြတ်ခြင်း မပြုရန်၊နျူကလီးယားအစီအစဉ်ပြန်မစရန် အီရန်အစိုးရကိုထပ်မံသတိပေးပြီးနောက် အရှေ့အလယ်ပိုင်းဒေသသို့ ရေတပ်သင်္ဘောအုပ်စု စေလွှတ်ထားကြောင်းသမ္မတဒေါ်နယ်ထရန့်က ထုတ်ပြောခဲ့ခြင်းဖြစ်သည်။မိမိအနေဖြင့် အဆိုပါရေတပ်အုပ်စုကို အသုံးပြုရလိမ့်မည်ဟုမျှော်လင့်ထားခြင်းမရှိကြောင်း သမ္မတဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်။အမေရိကန်အစိုးရတာဝန်ရှိသူများ၏အဆိုအရယူအက်စ်အက်စ်အေဘရာဟမ်လင်ကွန်းလေယာဉ်တင်သင်္ဘောနှင့် ပဲ့ထိန်းဒုံးကျည်တင် ဖျက်သင်္ဘောများပါဝင်သော အဆိုပါရေတပ်အုပ်စုမှာ လာမည့်ရက်အနည်းငယ်အတွင်း အရှေ့အလယ်ပိုင်းသို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။အဆိုပါ အမေရိကန်ရေတပ်အုပ်စုသည် အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများအား အီရန်အစိုးရက ပြင်းထန်စွာ ဖြိုခွင်းမှုနှင့် ပတ်သက်၍ အီရန်နှင့် အမေရိကန်ပြည်ထောင်စုတို့အကြား တင်းမာမှုများ မြင့်တက်နေချိန် ပြီးခဲ့သည့်သီတင်းပတ်ကပင် အာရှပစိဖိတ်ဒေသမှ အရှေ့အလယ်ပိုင်းသို့ စတင်ထွက်ခွာလာခြင်း ဖြစ်သည်။အမေရိကန်အစိုးရအနေဖြင့် ဒေသတွင်းရှိ အမေရိကန်စစ်စခန်းများအီရန်နိုင်ငံက တိုက်ခိုက်လာနိုင်မှုကို ကာကွယ်ရေးအတွက် အရှေ့အလယ်ပိုင်းဒေသ၌ လေကြောင်းရန် ကာကွယ်စနစ်များ ထပ်မံဖြန့်ကြက်ရန်လည်း စဉ်းစားနေကြောင်း သိရ သည်။



