မြန်မာ-ထိုင်းနယ်စပ် မဲဆောက်မြို့မှာ သတ်ဖြတ်ခံခဲ့ရတဲ့ အွန်လိုင်းဆယ်လီ ဧရာဝတီမရဲ့ ဈာပနကို ဇန်နဝါရီ ၂၄ ရက် နေ့လယ်ပိုင်းက မဲဆောက်မြို့ ထေ့စပန်း သုဿာန်မှာ ပြုလုပ်ခဲ့ပါတယ်။ဧရာဝတီမလို့ လူသိများတဲ့ အွန်လိုင်းကဈေးရောင်းသူ အသက် ၃၃ နှစ်အရွယ် ကိုတင်ဇော်ထွေးဟာ ဇန်နဝါရီ ၁၉ ရက် ညမှာ နေအိမ်ကထွက်သွားပြီးနောက် ပျောက်ဆုံးခဲ့ပြီး ဇန်နဝါရီ ၂၀ ရက် ညနေပိုင်းမှာ မဲဆောက်မြို့၊ မဲတောင်ရပ်ကွက်က တောင်ယာခင်းတခုမှာ ဦးခေါင်းရိုက်နှက်ဒဏ်ရာနဲ့ သေဆုံးနေတာကို ပြန်တွေ့ခဲ့တာလည်းဖြစ်ပါတယ်။ဈာပနပွဲမှာ ထိုင်းနိုင်ငံနဲ့ မြန်မာပြည်တွင်းက LGBT အသိုင်းအဝိုင်းတွေ၊ မဲဆောက်ဒေသတခွင်က ရွှေ့ပြောင်း စက်ရုံအလုပ်ရုံ အလုပ်သမားတွေ၊ မဲဆောက်ရောက် တခြား မြန်မာပြည်သူပြည်သားတွေ အများအပြားလာရောက်ခဲ့ကြပါတယ်။ဧရာဝတီမ သေဆုံးတာနဲ့ပတ်သက်တယ်လို့ သံသယရှိသူ မြန်မာနိုင်ငံသား ၄ ယောက်ဟာလည်း ထွက်ပြေးလွတ်မြောက်နေဆဲလို့သိရပြီး ထိုင်းရဲတပ်ဖွဲ့က စုံစမ်းရှာဖွေနေပါတယ်။



