ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်လုပ်ကိုင်တဲ့ နိုင်ငံခြားသားတွေကို ပြင်းပြင်းထန်ထန် အရေးယူဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ကြေညာပြီးနောက် အထောက်အထားမစုံတဲ့ မြန်မာအလုပ်သမားတွေ ဆက်တိုက် ဖမ်းဆီးခံနေရပါတယ်။ ထိုင်းနိုင်ငံအတွင်း အထောက်အထားမဲ့ အလုပ်လုပ်သူတွေ၊ ထိုင်းနိုင်ငံသားတွေသာ လုပ်ခွင့်ရှိတဲ့ လုပ်ငန်းအမျိုးအစားတွေမှာ နိုင်ငံခြားသား ဝင်ရောက်လုပ်ကိုင်တာတွေကို တနိုင်ငံလုံး အတိုင်းအတာနဲ့ ပိုက်စိပ်တိုက် ရှာဖွေဖမ်းဆီးဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဒီနှစ် ဇန်နဝါရီ ၁၅ ရက်မှာ ထုတ်ပြန်ခဲ့တာပါ။ အခုလို ဖမ်းဆီးမှု အရှိန်တိုးလာတဲ့ အကြောင်းကတော့ ဇန်နဝါရီ ၁၁ ရက်က ဖြစ်ပွားခဲ့တဲ့ ထိုင်းပစ္စည်းပို့သမားတွေနဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကြား ရန်ပွဲနဲ့ ဆက်စပ်ပြီး ထိုင်းနိုင်ငံသား အမည်ခံကာ မြန်မာနိုင်ငံသားတွေ ဆိုင်ဖွင့်ပြီး ဈေးရောင်းနေတယ်ဆိုတဲ့ တိုင်တန်းချက်တွေကြောင့်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။



