ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်တွင် တရားမဝင်ငွေစက္ကူအတုများကို ကိုင်ဆောင်သုံးစွဲနေကြောင်း သတင်းများအရ သက်ဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့၊ အုတ်ရှစ်ကုန်းအုပ်စု၊ မယင်းကုန်းကျေးရွာရှိ သီရိအောင်မြေကျောင်းတိုက်သို့ ဇန်နဝါရီ ၁၈ ရက် မွန်းလွဲပိုင်းက သွားရောက်စစ်ဆေးခဲ့ကြောင်း၊ ထိုကျောင်းတိုက်တွင် သီတင်းသုံးနေသော တိုက်အုပ်ဆရာတော် ဥူးအာစရ (ခ) ဦးအောင်ဇော်မင်း (အသက် ၄၂)နှစ်၊ (ဝါတော် ၂ဝ)ကို မတွေ့သည့်အတွက် ၎င်းသီတင်းသုံးနေထိုင်ရာအခန်းအတွင်းရှာဖွေရာ အခန်းအတွင်းဗီရို၏အပေါ်ဆုံးအထပ်ရှိ သင်္ကန်းများအောက်တွင် သိမ်းဆည်းထားသော ငွေစက္ကူအတုဟု ယူဆရသည့် နံပါတ်တူ နံပါတ်အမှတ် ဘဈ ၂၁၀၇၆၉၄၊ XI 2107694 ပါ တစ်သောင်းကျပ်တန်ငွေစက္ကူအတု Colour နှင့် (၂၇) ရွက်ကို တွေ့ရှိခဲ့ကြကြောင်း သိရသည်။ဆက်လက်ပြီး ကျောင်းတိုက်အတွင်း ရှာဖွေနေချိန်တွင် အပြင်ကြွရာမှ ဥူးအာစရ မှာ ကျောင်းတိုက်သို့ ပြန်လည်ရောက်ရှိလာခဲ့ရာ ၎င်း၏ခန္ဓာကိုယ်ကို ဆက်လက်ရှာဖွေခဲ့ကြောင်း၊ သင်္ကန်းအိတ်ကပ်အတွင်းမှ ငွေစက္ကူအတုဟု ယူဆရသော ကျပ်တစ်သောင်းတန် နံပါတ်တူ Colour ဖြင့် (၃၀) ရွက်ကို ထပ်မံရှာဖွေတွေရှိခဲ့ကြပြီး သက်သေများရှေ့တွင် ရှာဖွေပုံစံရေးသွင်းသိမ်းဆည်းခဲ့၍ စစ်ဆေးမေးမြန်းခဲ့ကြောင်း ဆိုထားသည်။ထိုငွေစက္ကူအတုများမှာ လွန်ခဲ့သောနှစ်ပတ်ခန့်က မဲဇလီကုန်းမြို့၊ အမှတ် (၁)ရပ်ကွက်၊ ဘူတာလမ်းရှိ “ကိုတာ”ဟု အမည်ရသော မိတ္တူဆိုင်တွင် မိတ္တူဆွဲခဲ့သည့် ငွေစက္ကူအတုများဖြစ်ကြောင်း ထွက်ဆိုသည့်အတွက် ကိုတာ မိတ္တူဆိုင်ပိုင်ရှင် ဇေယျာမင်း (ခ) ကိုတာ ထံသို့ ဆက်လက်သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် လွန်ခဲ့သောနှစ်ပတ်ခန့်က ဆိုင်ကယ်တစ်စီးဖြင့် ဥူးအာစရ ရောက်လာပြီး ဘုန်းကြီးကျောင်းတည်ဆောက်ရာတွင် ယတြာချေရန် ကျပ်တစ်သောင်းတန်ငွေစက္ကူများကို မိတ္တူကူးလိုသည်ဟု ပြောဆို၍ ကျပ်တစ်သောင်းတန်ငွေစက္ကူတစ်ရွက်ကို ထုတ်ပေးခဲ့ကြောင်း၊ ယင်းငွေစက္ကူကို အရှေ့အနောက် Scan ဖတ်ပြီး A4 စာရွက် အသုံးပြုကာ Colour printer ဖြင့် ရွက်ရေ ၁၀၀ ကို Colour ဖြင့်လည်းကောင်း၊ ရွက်ရေ ၄၀ ကို အဖြူအမည်းဖြင့် လည်းကောင်း ထုတ်ပေးခဲ့ကြောင်း၊ နောက်တစ်ရက်တွင် ဆိုင်သို့ထပ်မံရောက်ရှိလာပြီး ယမန်နေ့က ထုတ်ပေးလိုက်သည့် A4 စာရွက်ပေါ်မှ ကျပ်တစ်သောင်းတန်ငွေစက္ကူ မိတ္တူများကို ဖြတ်စက်ဖြင့်ဖြတ်တောက်ပေးရန် print ထုတ်ထားသော A4 စာရွက်များနဲ့အတူ ပြောဆိုခဲ့သည့်အတွက် ဖြတ်တောက်ပေးကာ မိတ္တူကူးခအဖြစ်လည်း စုစုပေါင်း ၂၉၀၀၀ ကျပ်ရယူခဲ့သည်ဟု ထွက်ဆိုခဲ့ကြောင်း သိရသည်။ထို့ကြောင့် ၎င်းတို့နှစ်ဦးကို ထူးကြီးနယ်မြေရဲစခန်းမှ (ပ)၂/၂၀၂၆ ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုရေးဖွင့်ဖမ်းဆီးထားပြီး သိမ်းဆည်းရမိသော ငွေစက္ကူအတုများကိုလည်း သက်သေခံအဖြစ်သိမ်းဆည်းထားကာ တရားစွဲဆိုနိုင်ရေးအတွက် လုပ်ဆောင်နေကြောင်လည်း သိရသည်။



