အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်ရဲ့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့မှာ မိမိတို့ ပါဝင်သွားမှာ ဖြစ်ကြောင်း ဆော်ဒီအာရေးဗီးယား၊ တူရကီနဲ့ အီဂျစ်အပါအဝင် နိုင်ငံပေါင်း ၇ နိုင်ငံက သူတို့ရဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။အစ္စရေးကတော့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့မှာ ပါဝင်မှာ ဖြစ်ကြောင်းကို စောစောပိုင်းကတည်းက လူသိရှင်ကြား ပြောဆိုထားပါတယ်။ဇန်နဝါရီ ၂၁ ရက် ညနေပိုင်းမှာ ထရန့်က ဗလာဒီမာ ပူတင်လည်း ပါဝင်မယ်လို့ သဘောတူထားကြောင်း ပြောဆိုခဲ့ပေမယ့် ရုရှားအနေနဲ့ ဖိတ်ခေါ်ထားမှုနဲ့ပတ်သက်လို့ လေ့လာနေဆဲပဲလို့ တုံ့ပြန်ထားပါတယ်။အဲဒီ ဘုတ်အဖွဲ့ရဲ့ မူလ ရည်ရွယ်ချက်ဟာ ဂါဇာမှာ ဟားမာ့စ်နဲ့ အစ္စရေးကြား စစ်ပွဲ အဆုံးသတ်စေရေးနဲ့ ပြန်လည် တည်ဆောက်ရေး ကူညီဖို့ ဖြစ်တယ်လို့ ထင်မှတ်ရပါတယ်။အဆိုပြုထားတဲ့ သဘောတူညီမှုမှာ ပါလက်စတိုင်း နယ်မြေကို ထည့်သွင်း ပြောဆိုထားတာ မတွေ့ရဘဲ ကုလသမဂ္ဂရဲ့ လုပ်ငန်းဆောင်တာတွေကို ဝင်ရောက်တာဝန်ယူဖို့ ရည်ရွယ်ထားပုံရပါတယ်။မွတ်စလင် အများစု နိုင်ငံတွေ ဖြစ်တဲ့ ဆော်ဒီအာရေးဗီးယား၊ တူရကီ၊ အီဂျစ်၊ ဂျော်ဒန်၊ အင်ဒိုနီးရှား၊ ပါကစ္စတန်နဲ့ကာတာတို့ ပါဝင်တဲ့ ၇ နိုင်ငံ အုပ်စုက ဂါဇာမှာ အမြဲတမ်း အပစ်ရပ်ရေး သေချာစေဖို့ ရည်ရွယ်ချက်ကို လက်ခံထားတယ်လို့ ဆော်ဒီအာရေးဗီးယားက ပြောပါတယ်။



