စင်ကာပူနိုင်ငံ Kallang Park Connector အနီးရှိ Kallang River အတွင်းသို့ အမျိုးသားတစ်ဦး ဆင်းသွားခဲ့တဲ့ ဖြစ်စဉ်တစ်ခု ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ပါတယ်။ အဆိုပါဖြစ်စဉ်ကို မျက်မြင်တွေ့ရှိခဲ့သူ Jason ဆိုသူက ဓာတ်ပုံရိုက်ယူပြီး တိုင်ကြားခဲ့တာဖြစ်ပြီး နံနက် ၈ နာရီ ၃၅ မိနစ်ဝန်းကျင်မှာ အဆိုပါအမျိုးသားဟာ မြစ်ကမ်းနားမှာ ရပ်နေပြီး အင်္ကျီပြန်ဝတ်နေတာကို တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ Jason က ဘာကြောင့် မြစ်ထဲဆင်းရသလဲလို့ မေးမြန်းခဲ့ရာမှာတော့ အဆိုပါအမျိုးသားက သူဟာ ဟိန္ဒူဘာသာဝင်တွေအတွက် ထူးခြားတဲ့နေ့တစ်နေ့ဖြစ်တာကြောင့် ကိုယ်လက်သန့်စင် (Cleansing) လုပ်တာဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။အဲ့ဒီနေ့ဟာ တမီးလ်လူမျိုးတွေရဲ့ ရိုးရာရိတ်သိမ်းပွဲတော်ဖြစ်တဲ့ Pongal ပွဲတော် ကျင်းပနေတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေတာဖြစ်ပါတယ်။ ဒီပွဲတော်ဟာ နွားနို့နဲ့ ဆန်ကို အိုးထဲမှာ လျှံတက်အောင် ချက်ပြုတ်ပြီး လာမယ့်နှစ်အတွက် စည်ပင်ဝပြောမှုကို ဆုတောင်းကြတဲ့ ၄ ရက်ကြာ ပွဲတော်ဖြစ်ပါတယ်။ ဒါပေမဲ့ စင်ကာပူနိုင်ငံရဲ့ ရေအရင်းအမြစ် စီမံခန့်ခွဲရေးအေဂျင်စီဖြစ်တဲ့ PUB ကတော့ ဒီလုပ်ရပ်ဟာ ဥပဒေနဲ့ မညီကြောင်း ထုတ်ပြန်လိုက်ပါတယ်။လက်ရှိမှာတော့ အဆိုပါအမျိုးသားကို PUB က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး ဥပဒေအရ အရေးယူဖို့ ဝန်လေးမှာမဟုတ်ကြောင်း သိရပါတယ်။ စင်ကာပူဥပဒေအရ ခွင့်ပြုချက်မရှိဘဲ ရေလမ်းကြောင်းတွေအတွင်း ဝင်ရောက်တာဟာ ပြစ်မှုမြောက်ပြီး အမြင့်ဆုံး ဒဏ်ငွေ စင်ကာပူဒေါ်လာ ၃,၀၀၀ အထိ ချမှတ်ခံရနိုင်ပါတယ်။


