၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့၊ Mothership သတင်းဌာနမှ ဖော်ပြချက်အရ...
စင်ကာပူနိုင်ငံ Paya Lebar အရပ်ရှိ ဂိုဒေါင်တစ်ခုအတွင်းမှာ ရွှေ့ပြောင်းအလုပ်သမားတွေကို တရားမဝင် ထားရှိနေထိုင်စေခဲ့တဲ့ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုကို လူမှုဝန်ထမ်းဝန်ကြီးဌာန (MOM) က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ ဒီဖြစ်စဉ်ကို သတင်းပေးသူတစ်ဦးက Shin Min Daily News သို့ တိုင်ကြားခဲ့ရာကနေ ပေါ်ပေါက်လာတာဖြစ်ပြီး အလုပ်သမားတွေဟာ ဂိုဒေါင်အတွင်းမှာ နှစ်ထပ်တင်ထားတဲ့ သံဘောင်တွေပေါ်မှာ အိပ်စက်နေကြရသလို ဂိုဒေါင်အတွင်းမှာပဲ ဟင်းချက်တာ၊ အဝတ်လျှော်တာတွေကိုပါ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။ အဆောက်အအုံ စီမံခန့်ခွဲရေးအဖွဲ့က အဆိုပါကုမ္ပဏီကို ဒါမျိုးမလုပ်ဖို့ အကြိမ်ကြိမ် သတိပေးခဲ့ပေမဲ့ လိုက်နာခြင်းမရှိခဲ့ဘူးလို့လည်း သိရပါတယ်။ကုမ္ပဏီအနေနဲ့ အလုပ်သမားတွေကို သင့်တင့်လျောက်ပတ်တဲ့ နေရာမပေးနိုင်ရင် ဒဏ်ငွေ စင်ကာပူဒေါ်လာ ၁၀,၀၀၀ အထိဖြစ်စေ၊ ထောင်ဒဏ် ၁၂ လအထိဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရနိုင်သလို ဂိုဒေါင်ငှားရမ်းခွင့် စာချုပ်ကိုလည်း အဆုံးသတ်ခံရနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။


