ဂရင်းလန်းကျွန်းအား အမေရိကန်က သိမ်းယူရန် ကြိုးပမ်းမှုကို ဆန့်ကျင်ခဲ့သည့် ဥရောပ ၈ နိုင်ငံအပေါ် ၁၀ ရာ ခိုင်နှုန်း အခွန် တိုးမြှင့်မည့် အစီအစဉ်ကို ယခုအခါ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြန်လည် ရုပ်သိမ်းလိုက်ပြီ ဖြစ်သည်။ဆွစ်ဇာလန်နိုင်ငံ၊ ဒါးဗို့စ်မြို့တွင် ကျင်းပသည့် ကမ္ဘာ့စီးပွားရေး ဖိုရမ်အတွင်း နေတိုး အထွေထွေ အတွင်းရေးမှူးချုပ် မာ့ခ်ရုတေးနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ယခုကဲ့သို့ အခွန်တိုးမြှင့်မှုကို ရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။ယင်းဆွေးနွေးမှုတွင် ဂရင်းလန်းနှင့် အာတိတ်ဒေသတစ်ဝန်း ကိစ္စရပ်များအတွက် အနာဂတ် သဘောတူညီချက်ဆိုင်ရာ မူဘောင်တစ်ခုကို ရရှိခဲ့သည်ဟု ထရမ့်က ဆိုသည်။၎င်း၏ ရွှေကွန်ချာ - Golden Dome ဒုံးကျည်ကာကွယ်ရေးစနစ်တွင် ဂရင်းလန်း ပါဝင်လာရေးနှင့် ပတ်သက်၍လည်း ဆက်လက် ဆွေးနွေးသွားမည်ဟု သိရသည်။ပြီးခဲ့သည့် သီတင်းပတ်ကုန်ပိုင်းက ဒိန်းမတ်၊ နော်ဝေ၊ ဆွီဒင်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်နှင့် ဖင်လန်နိုင်ငံတို့မှ တင်သွင်းသော ကုန်စည်များအပေါ် ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ ၁၀ ရာခိုင်နှုန်း အခွန်ကောက်မည်ဟု ထရမ့်က ခြိမ်းခြောက်ခဲ့ခြင်း ဖြစ်သည်။ ဂရင်းလန်းအား အမေရိကန်က အလုံးစုံဝယ်ယူရန် ကိစ္စကို သဘောမတူပါက ဇွန်လတွင် ၂၅ ရာခိုင်နှုန်း အထိ တိုးမြှင့်မည်ဟုလည်း ၎င်းက ပြောကြားထားသည်။လက်ရှိတွင် ဂရင်းလန်းအား သိမ်းယူရန် စစ်အင်အားသုံးမည် မဟုတ်ကြောင်း ထရမ့်က အတည်ပြုခဲ့သော်လည်း အမေရိကန်၏ ထိန်းချုပ်မှုအောက်တွင် ရှိသင့်ကြောင်းကိုမူ ဆက်လက်အခိုင်အမာ ပြောဆိုနေဆဲ ဖြစ်သည်။



