ပဲတီစိမ်းအခွံများ ယခင်နှစ်ထက်စျေးတက်သော်လည်း ပဲပေါ်စကာလဖြစ်၍ လတ်ဆတ်ပြီးစျေးသင့်နေခြင်းကြောင့် တိရစ္ဆာန်အစာအတွက် ဝယ်ယူစုဆောင်းသူများနေပြီး အရောင်းအဝယ်သွက်နေကြောင်း ပဲတီစိမ်းခွံရောင်း ဝယ်သူ များက ပြောပါတယ်။အဆိုပါ ပဲတီစိမ်းအခွံမှာ စျေးကွက်သီးသန့်ရှိနေပြီး ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ပဲတီစိမ်းအခွံ ငါး တင်းအိတ်ပြည့် အိတ်ခွံအပါတစ်အိတ်လျှင် အထိုင်စျေး ကျပ် ၅,၀၀၀ ဝန်းကျင်စျေးပေါက်ခဲ့ရာမှ လက်ရှိတွင် ငါး တင်းအိတ်ပြည့် တစ်အိတ်ကို အထိုင်စျေး ကျပ် ၇,၅၀၀ ဝန်းကျင်စျေးပေါက်နေတယ်လို့ သိရပါတယ်။
သီးနှံစိုက်ခင်းများတွင် မြေဆီလွှာ အစိုဓာတ်ထိန်းရန်နှင့် ပေါင်းပင်မပေါက်စေရန် မြေဖုံး သည့်နေရာတွင် သုံးကြ သကဲ့သို့ မှိုစိုက်ပျိုးရာတွင်လည်း အောက်ခံကုန်ကြမ်းအဖြစ် ပဲခွံများကို အသုံးပြု ကြတယ်လို့ ပဲတီစိမ်းခွံ ရောင်း ဝယ်သူများက ဆိုပါတယ်။ ပဲတီစိမ်းခွံများကို အချို့စက်ရုံများတွင် ဘွိုင်လာအပူပေးရန် လောင်စာအဖြစ် သုံးစွဲကြ သလို ပဲခွံကို ဖိသိပ်ကာ မီးသွေးတောင့်ပြုလုပ်ပြီး လောင်စာအဖြစ် ပြန်လည်ရောင်းချသူများလည်း ရှိကြောင်း သိရပါတယ်။



