မြန်မာ့ မျှင်မျှစ်ပြုတ် အပါအဝင် မျှစ်အစို (၃) မျိုး ဝယ်ယူဖို့ ရုရှားလုပ်ငန်းရှင်တစ်ဦးက ကမ်းလှမ်းထားကြောင်း မျှစ်နှင့် ဝါးစိုက်ပျိုးထုတ်လုပ်သူများအသင်းကနေ သိရပါတယ်။မျှစ်အစိုကို အနံအသက်ကင်းပါက ဥရောပနိုင်ငံတွေအထိ ဈေးကွက်ဖြန့်ပေးမယ်ဆိုပြီး ကမ်းလှမ်းလာတာကြောင့် စမ်းသပ်မှုတွေ ပြုလုပ်နေတယ်လို့ အသင်းတာဝန်ရှိသူက ပြောပါတယ်။“ဗမာအခေါ်အရဆို တစ်ရေပြုပ်ပေါ့။ အဆင်ပြေတယ်ဆိုရင် ဈေးကွက်အသစ်ရှာဖို့ လုပ်နေပါတယ်”လို့ ဆိုပါတယ်။ယခုနှစ်အတွက် ဂျပန်နိုင်ငံကနေ မျှစ်ခြောက်တန်ချိန် ၂၀၀ အထိ အမှာရှိနေပြီး ကုန်ကြမ်းမလုံလာက်မှုကြောင့် ဝယ်လိုအားရဲ့ ၁၀ ရာခိုင်နှုန်းကိုပဲ တင်ပို့နိုင်ပါသေးတယ်။ဂျပန်အမှာအတွက် ပထမအသုတ်အဖြစ် မျှစ်ခြောက် (၅) တန်ကို လာမယ့် ဖေဖော်ဝါရီလမှာ စတင် တင်ပို့သွားမှာဖြစ်ပြီး လက်ကျန်တန်ချိန် (၁၅) တန်ကို တစ်ဆက်တည်း တင်ပို့သွားမယ်လို့ သိရပါတယ်။လက်ရှိမှာ သဘာဝသစ်တောကိုသာ မှီခိုပြီး မျှစ်ချိုးခြင်း၊ စိုက်ခင်းတည်ထောင်မှုနည်းခြင်း၊ နယ်မြေအေးချမ်းမှု မရှိတဲ့ဒေသတွေမှာ မျှစ်မချိုးနိုင်ခြင်း စတဲ့ အခက်အခဲတွေကြောင့် ကုန်ကြမ်းရရှိမှုနည်းလာပါတယ်။ဒါ့ကြောင့် မျှစ်ခြောက်ထုတ်လုပ်မှုလျော့ကျပြီး ပြည်ပဈေးကွက်ဝယ်လိုအား အမှာစာကိုပြည့်မှီအောင် တင်ပို့နိုင်ခြင်းမရှိဘဲ လိုအပ်ချက်ရှိနေပါတယ်။



