သီးနှံစိုက်ပျိုးရာ ယာခင်းများအတွင်းတွင် ယခုနောက်ပိုင်းအဆိပ်ပြင်းမြွေတွေ့ရှိမှု ပိုမိုများပြားလာကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဒေသခံများထံမှ သိရသည်။ကျွန်တော်တို့ဘက်မှာ အရမ်းပေါလာတယ်၊ ယာခင်းထဲ အမြဲတမ်းသူတို့ကိုတွေ့ရတယ်၊ တစ်ခါတွေ့ရင် သုံး၊ လေးကောင်ပဲ၊ မတွေ့တဲ့ ယာခင်းဆိုတာ ရှားတယ်”ဟု ယင်းမာပင်မြို့နယ်နေ ဒေသခံတစ်ဦးက ပြောသည်။အဆိုပါ အဆိပ်ပြင်းမြွေများတွင် မြွေပွေးများကို အများဆုံးတွေ့ရပြီး ယာခင်းတစ်ခင်းတည်း၌ပင် သုံး၊ လေးကောင် တွေ့ရခြင်းရှိသလို အချို့သောယာခင်းများအတွင်း ဆယ်ကောင်နီးပါးအထိ တွေ့ရခြင်းများလည်းရှိခဲ့သည်။ငလျင်မတိုင်ခင်က ယင်းကဲ့သို့တွေ့ရှိရမှုနည်းပါးသော်လည်း ငလျင်ပြီးနောက်ပိုင်းမှစ၍ ပိုမိုတွေ့ရှိလာရခြင်းလည်းဖြစ်သည်။ ထိုဒေသတွင် လယ်ကြွက်များထောင်ရာ၌ အများအပြားတွေ့လာရသည့် အဆိပ်ပြင်းမြွေများကြောင့် အန္တရာယ်ကြားမှ ယခင်ကထက်ပိုမိုကာ သတိထားလုပ်ကိုင်နေကြရကြောင်းလည်း သိရသည်။



