လာမည့် ဖေဖော်ဝါရီ ၂ ရက်တွင် မွန်အမျိုးသားနေ့အခမ်းအနားကို Indoor အခမ်းအနားပွဲမျိုးအဖြစ်သာ ကျင်းပသွားရန်စီစဉ်နေကြောင်း မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ (ရန်ကုန်) ရှိ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။အဆိုပါအခမ်းအနားမှာ ၇၉ ကြိမ်မြောက်ကျင်းပမည်ဖြစ်ပြီး ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံတွင် မွန်အမျိုးသားနေ့အခမ်းအနားနှင့် အလံတင်အခမ်းအနားကို ကျင်းပသွားမည်ဖြစ်သည်။မွန်အမျိုးသားတို့၏ ဇာတိသွေးဇာတိမာန် ရှင်သန်နိုးကြားစေရန်နှင့် မွန်စာပေ၊ ယဉ်ကျေးမှုတို့ကို ဖော်ထုတ်မြှင့်တင်လိုစိတ်များ၊ တိုးတက်လိုစိတ်များရှိရန် ရည်ရွယ်၍ကျင်းပခြင်းလည်းဖြစ်ကြောင်း သိရသည်။ထိုအခမ်းအနားတွင် ထူးချွန်ဆုချီးမြှင့်ခြင်း၊ ဂုဏ်ပြုလွှာပေးအပ်ခြင်းများကိုလည်း လုပ်ဆောင်သွားမည်ဖြစ်ပြီး အခမ်းအနားသို့ ရိုးရာဝတ်စုံဖြင့်တက်ရောက်ရန်လည်း ဖိတ်ကြားထားခြင်းများရှိသည်။ လွန်ခဲ့သော ၂၀၂၅ ခုနှစ်ကလည်း ၇၈ ကြိမ်မြောက်အဖြစ် မွန်အမျိုးသားနေ့အခမ်းအနားကို အမျိုးသားဇာတ်ရုံ၌ပင် အလားတူကျင်းပခဲ့ကြသည်။ယခင်က Outdoor ပုံစံမျိုးအဖြစ် အခမ်းအနားကိုကျင်းပခဲ့ဖူးပြီး ၂၀၂၀ ပြည့်နှစ်က (၇၃) ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်၌ ကျင်းပခဲ့သည်။



