ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ယုဇနပလာဇာအနီး နှင်းဆီလမ်းတွင်
ဇန်နဝါရီ ၁၉ ရက် နံနက် ၁၀ နာရီခွဲကျော်က Level 2 အဆင့်ရှိ နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ရာ မီးငြှိမ်းသတ်ရာတွင် ပါဝင်ခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတအဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။ မီးလောင်မှုကြောင့် အနီးနားရှိ နေအိမ်များအတွင်း မီးခိုးငွေ့များ အလုံးအရင်းဝင်ရောက်ခဲ့သဖြင့် ပြည်သူများကို ဘေးလွတ်ရာသို့ အရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရပြီး၊ ရှေ့တန်းမှ မီးငြှိမ်းသတ်ခဲ့သည့် ပရဟိတအဖွဲ့ဝင်တစ်ဦးမှာ မှန်ကွဲစထိမှန်သည့် ဒဏ်ရာကြောင့် ရန်ကုန်ဆေးရုံကြီးတွင် ခွဲစိတ်ကုသမှု ခံယူခဲ့ရကြောင်းနှင့် အခြားအဖွဲ့ဝင်အချို့လည်း အပူလောင်ခြင်းနှင့် မှန်စစူးခြင်းများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ အဆိုပါမီးမှာ နံနက် ၁၁ နာရီ ၄၂ မိနစ်တွင် လုံးဝငြိမ်းသတ်နိုင်ခဲ့ပြီဖြစ်ကာ ထိခိုက်ဒဏ်ရာရရှိသူများမှာ စိုးရိမ်ရသည့် အခြေအနေမရှိကြောင်း သိရှိရပါသည်။


