၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့၊ Mothership သတင်းဌာနမှ ဖော်ပြချက်အရ စင်ကာပူနိုင်ငံ၊ HarbourFront Centre ကုန်တိုက်အတွင်းမှာ လူအများအား ထိတ်လန့်တကြား ဖြစ်စေခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။အမျိုးသားတစ်ဦးဟာ ထမင်းစားတူ (Chopsticks) တစ်စုံကို ကိုင်ဆောင်ပြီး လူအုပ်ထဲကို ပြေးဝင်ကာ ခြိမ်းခြောက်ခဲ့တဲ့အတွက် အများပြည်သူကို နှောင့်ယှက်မှု (Public Nuisance) နဲ့ ဖမ်းဆီးခြင်း ခံခဲ့ရပါတယ်။မျက်မြင်သက်သေတစ်ဦးရဲ့ ပြောပြချက်အရ အဆိုပါအမျိုးသားဟာ အခင်းမဖြစ်ပွားမီမှာ တခြားအမျိုးသားတစ်ဦးနဲ့ အပြန်အလှန် ဆဲဆိုရမ်းကားကာ စကားများ ရန်ဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။ အခြေအနေတွေဟာ ပိုမိုဆိုးရွားလာပြီး တရားခံဟာ သူ့ရဲ့ လက်ကိုင်အိတ် (Tote Bag) နဲ့ တစ်ဖက်လူကို အရင်ဆုံး လွှဲရိုက်ဖို့ ကြိုးစားခဲ့ပါတယ်။ ရရှိထားတဲ့ ဗီဒီယိုမှတ်တမ်းတွေအရ အဆိုပါအမျိုးသားဟာ ထမင်းစားတူကို လက်မှာကိုင်ပြီး လူအုပ်ရှိရာဘက်ကို ဒေါသတကြီး ပြေးဝင်သွားခဲ့သလို တစ်စုံတစ်ဦးကိုလည်း အော်ဟစ်ဆဲဆိုကာ လက်ညှိုးငေါ့ငေါ့ ထိုးနေခဲ့တာကို တွေ့ရပါတယ်။ စင်ကာပူရဲတပ်ဖွဲ့ဟာ တရားခံအမျိုးသားကို အများပြည်သူအား နှောင့်ယှက်မှုအပြင် သူတစ်ပါးကို နာကျင်စေရန် တမင်ကြံစည်မှု (Voluntarily causing hurt) နဲ့ပါ ဆက်လက်စုံစမ်းစစ်ဆေးနေပါတယ်။ လက်ရှိမှာတော့ တရားခံဟာ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံထားရပြီး ဖြစ်စဉ်အသေးစိတ်ကို စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်နေဆဲ ဖြစ်ပါတယ်။



