(၄၂)ကြိမ်မြောက် လားဟူတိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်ကို ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံ မြို့နယ်ရှိ ကျိုင်းတုံခရိုင် အားကစားခန်းမမှာ ဇန်နဝါရီလ(၁၈)ရက်က ကျင်းပခဲ့တယ်လို့ ပွဲတော်ကျင်းပရေး ကော်မတီကနေ သိရပါတယ်။အဲဒီရိုးရာစုပေါင်းနှစ်သစ်ကူးပွဲတော်ကို ထင်းရှူးပင်တွေ အဖူးဖူးတဲ့အချိန်၊ ချယ်ရီပင်၊ မက်မန်းပင်တွေ အပွင့် ပွင့်တဲ့အချိန်မှာ ကျင်းပလေ့ရှိတာပါ။ နှစ်သစ်ကူးပွဲတော်ဟာ လားဟူတိုင်းရင်းသားတွေရဲ့ အထွတ်အမြတ်ဆုံးနဲ့ အကြီးကျယ်ဆုံးအဖြစ် သတ်မှတ်ထားတဲ့ ပွဲတော်တစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။လားဟူတိုင်းရင်းသားတွေအနေနဲ့ နှစ်သစ်ကူးပွဲတော်ကို နေထိုင်ရာဒေသတွေအလိုက် ပျော်ရွှင်စွာနဲ့ ဆင်နွှဲလေ့ရှိ ကြပြီး တစ်နှစ်တာကာလအတွင်း ရှာဖွေစုဆောင်းခဲ့တဲ့ စပါးသီးနှံတွေနဲ့ ပစ္စည်းဥစ္စာတွေကို စုပေါင်း ပါဝင်လှူဒါန်း ကြတယ်လို့ သိရပါတယ်။အဲဒီပွဲတော်မှာ ထင်းရှူးပင်ကိုဝိုင်းပတ်ပြီး တူရိယာတွေတီးမှုတ်ကာ ထင်ရှားတဲ့မြေဝိုင်းအကနဲ့ ကပြတာ၊ လူငယ် တွေက သက်ကြီးဝါကြီးနဲ့ အကြည်ညိုခံပုဂ္ဂိုလ်တွေရဲ့လက်ကို သန့်စင်ဆေးကြောပေးတဲ့ ဆေးမင်္ဂလာအခမ်းအနား ကျင်းပတာတွေ ပြုလုပ်လေ့ရှိတယ်လို့လည်း သိရပါတယ်။



