၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့က စင်ကာပူနိုင်ငံမှာ အသက် ၂၈ နှစ်အရွယ် မိခင်တစ်ဦးဖြစ်သူ Athirah ဟာ ကလေးနှစ်ယောက်နဲ့အတူ ကလေးတွန်းလှည်းကိုတွန်းပြီး SBS Transit ဘတ်စ်ကားပေါ် တက်ဖို့ ကြိုးစားခဲ့ပါတယ်။ အဆိုပါအမျိုးသမီးဟာ ဘတ်စ်ကားနောက်တံခါးကနေ တက်ဖို့ပြင်ဆင်နေစဉ်မှာပဲ ဘတ်စ်ကားတံခါးက ရုတ်တရက်ပိတ်သွားခဲ့ပြီး တွန်းလှည်းကို ညှပ်မိခဲ့တာကြောင့် ကလေးငယ်မှာ ထိတ်လန့်တုန်လှုပ်သွားခဲ့ရတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဒီအခြေအနေတွေကြောင့်နှစ်ဦးနှစ်ဖက် အခြေအတင် အငြင်းပွားမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ဒရိုင်ဘာဖြစ်သူက အဆိုပါအမျိုးသမီးရဲ့ မိသားစုဘဝနဲ့ပတ်သက်ပြီး မသင့်လျော်တဲ့ စကားလုံးတွေ သုံးနှုန်းပြောဆိုခဲ့တာကြောင့် အခြေအနေက ပိုမိုဆိုးရွားသွားခဲ့ပါတယ်။ နစ်နာသူ အမျိုးသမီးကတော့ ဒီဖြစ်စဉ်ကို TikTok လူမှုကွန်ရက်ပေါ်မှာ တင်ခဲ့သလို ဒရိုင်ဘာရဲ့ မျက်နှာကိုပါ ထင်ထင်ရှားရှား ဖော်ပြခဲ့ပါတယ်။ SBS Transit ဘက်ကတော့ ဒီဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး CCTV မှတ်တမ်းတွေကို ပြန်လည်စစ်ဆေးခဲ့ရာမှာ ဒရိုင်ဘာရဲ့ ပြောဆိုပုံဟာ မသင့်လျော်ကြောင်း ဝန်ခံခဲ့ပြီး နစ်နာသူကိုလည်း တောင်းပန်စကား ဆိုခဲ့ပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း ကလေးတွန်းလှည်းပါတဲ့ ခရီးသည်တွေအနေနဲ့ နောက်တံခါးက တက်မယ်ဆိုရင် ဒရိုင်ဘာသိအောင် ကြိုတင်အကြောင်းကြားသင့်သလို ဝန်ထမ်းတွေကိုလည်း ရိုင်းစိုင်းတဲ့ စကားလုံးတွေနဲ့ မတုံ့ပြန်ကြဖို့ မေတ္တာရပ်ခံထားပါတယ်။



