ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်၌ ဇန်နဝါရီ ၁၄ ရက်၊ ညပိုင်းအချိန်က ဓားဖြင့်ခုတ်၍ ဆိုင်ကယ်လုယက်မှု ကျူးလွန်ခဲ့သည့် တရားခံ ၂ ဦးအား မြို့နယ်ရဲတပ်ဖွဲ့မှ ညဉ့်နက်လှည့်ကင်းဆောင်ရွက်နေစဉ် ဆန်ဆိုင်း (ခ)ရပ်ကွက်အတွင်း၌ ဖမ်းဆီးရမိခဲ့သည်။ညဉ့်နက်လှည့်ကင်းဆောင်ရွက်နေစဥ် ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဂျော်နီဆိုင် လမ်းဆုံ အရောက်တွင် မသင်္ကာဖွယ်ရာ အမျိုးသား(၂)ဦးအား ခေါင်းစွပ်များဖြင့် ဆိုင်ကယ်မောင်းနှင်သွားသည်ကို တွေ့ရှိသဖြင့် လိုက်လံဖမ်းဆီးရာ ဇေယျာကျော်နှင့် အောင်လင်းခန့်(ခ)ကြက်ကုလားတို့အား ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဥပဒေနှင့်အညီ မေးမြန်းစစ်ဆေးရာ ၎င်းတို့ (၂)ဦးသည် ဇန်နဝါရီလ ၁၄ ရက်နေ့၊ ညပိုင်းတွင် ဆေခမ်းရပ်ကွက်အတွင်း ဆိုင်ကယ်စီးနှင်လာသော အမျိုးသား နှစ်ဦးအား ဓါးဖြင့် ခုတ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အခင်းဖြစ်စဥ်တွင် အသုံးပြုခဲ့သော ဆိုင်ကယ်၊ ဓါးနှင့်အတူ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။



