ပူတင်မှ တစ်စိတ်တစ်ပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးထားသည့် ချေချင်ညာဒေသ စစ်ခေါင်းဆောင် ရမ်ဇန်ကာဒီရော့ဗ်၏ ၁၈ နှစ်အရွယ် သားဖြစ်သူ အဒမ်ကာဒီရော့ဗ်သည် ဇန်နဝါရီ ၁၆ ရက်တွင် ချေချင်ညာမြို့တော် ဂရိုဇနီကို မော်တော်ယာဉ်တန်းဖြင့် မောင်းနှင်ဖြတ်သန်းစဉ် အတားအဆီး တစ်ခု နှင့်ရုတ်တရက်ကြုံရခြင်းကြောင့် ထိုကားတန်းကြီး အရှိန်ပြင်းစွာဖြင့် တစ်စီးနှင့်တစ်စီး ဆင့်တိုက်ရာမှ သတိပင်မရတော့သည့် ပြင်းထန်ဒဏ်ရာ ရရှိသွားကာ အသက်လု ကုသနေရပြီဖြစ်သည်။ချေချင်ညာအတိုက်အခံ အဖွဲ့ NIYSO ၏ တယ်လီဂရမ်ချန်နယ်တွင် ယင်းသတင်းကို အတိအကျ တင်ထားပြီး ယာဉ်တန်းဆင့်တိုက်မှုတွင် အခြားသေဆုံးမှုများစွာရှိသော်လည်း အားလုံးက ရမ်ဇန်ကာဒီရော့ဗ်၏ သားဖြစ်သူ အဒမ်း သတိလစ်ကာ အသက်ပြန်ရှုနိုင်စေရန်ပင် မနည်း ပြုစုကုသ ပြီး မော်စကိုဆေးရုံသို့ ပို့ဆောင်ပြီး အသက်လုရန် ခွဲစိတ်ကုသမှု ခံယူတော့မည်ဟူသော သတင်းကို သာ ဦးစားပေးဖော်ပြနေခြင်းဖြစ်သည်။အဒမ်ကာဒီရော့ဗ်သည် အသက် ၁၅ နှစ်သားအရွယ်ကတည်းက ၁၉ နှစ်အရွယ် ယူကရိန်းနိုင်ငံသား တစ်ဦး ကိုရမ်ကျမ်းကို မီးရှို့သဖြင့် တစ်ယောက်ချင်းတိုက်ခိုက်သတ်ဖြတ်ရာတွင် အနိုင်ရမှုကြောင့် ဖခင် ရမ်ဇန်ကိုယ်တိုင်က ချေချင်ညာ သူရဲကောင်းဘွဲ့ပေးခဲ့သူဖြစ်သည်။ အလွန်ငယ်ရွယ်သေးသော်လည်း ချေချင်လုံခြုံရေးကောင်စီ အတွင်းရေးမှူး၊ ပြည်ထဲရေးဝန်ကြီးရာထူးအပါ အဆင့်မြင့်ရာထူးများစွာကို ပေးအပ်ခံထားရသူဖြစ်သည်။ရမ်ဇန်ကာဒီရော့ဗ်သည် ပူတင်၏ စစ်ခွေးဟု ခေါ်ဆိုခံရသူဖြစ်ကာ ယူကရိန်းအား ရုရှားကျူးကျော်စစ် ဆင်နွှဲရာတွင် ချေချင်ညာ တပ်သား ထောင်ပေါင်းများစွာကို စေလွှတ်ပေးပြီး ဝင်တိုက်ခိုင်းနေသူလည်း ဖြစ်သည်။



