ဂျပန်နိုင်ငံ၊ နာဂိုယာမှာ ကျင်းပခဲ့တဲ့ ရန်ပုံငွေဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲကနေ ကောက်ခံရရှိခဲ့တဲ့ ကျပ်သိန်း ၂၀၀ ကျော်ကို ရခိုင်ပြည်ရှိ ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာရသည့်ပြည်သူတွေအတွက် ကူညီလှူဒါန်းခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဒီငွေတွေကို လူသားချင်း စာနာ ထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) မှ တဆင့် ဇန်နဝါရီလ (၁၅) ရက်နေ့မှာ လှူဒါန်းခဲ့တာဖြစ်ပါတယ်။ "ကျွန်တော်တို့ လက်ရှိ ရခိုင်ပြည်အတွင်းမှာ နေရပ်စွန့်ခွာရသည့်ပြည်သူတွေက တစ်နေ့ပြီး တစ်နေ့ တိုးပွားလာကြတယ်။ ကျွန်တော်တို့လည်း အဲ့ဒါတွေကို အဝေးကိုရောက်နေပေမယ့် တတ်နိုင်တဲ့ နေရာက ကူညီပေးနေတဲ့ သဘောမျိုးအနေနဲ့ ထောက်ပံ့ပေးတာပါ” လို့ ဘောလုံးပွဲဖြစ်မြောက်ရေး တာဝန်ခံတစ်ဦးဖြစ်တဲ့ ကိုသန်းနိုင်က ပြောပါတယ်။



