ယခု ၂၀၂၆ ခုနှစ်အတွင်း ရခိုင်ပြည် စစ်တွေ- ကျောက်ဖြူ- ရန်ကုန် လေယာဉ်လက်မှတ်ဈေးနှုန်းများသည် ၂၀၂၅ ခုနှစ်ထက် ၃ သိန်းနီးပါးအထိ ဈေးမြင့်တက်လာနေသဖြင့် ဒေသခံများ အခက်ကြုံနေရကြောင်း ပြောဆိုကြသည်။လက်ရှိတွင် လေယာဉ်အရောင်းဌာနများ၏ လေယာဉ်လက်မှတ်ဈေးနှုန်းသည် စစ်တွေ- ရန်ကုန် ခရီးစဉ် ငွေကျပ် ၅ သိန်းခွဲဖြစ်ပြီး ရန်ကုန်မှ စစ်တွေသို့ ဆိုလျှင် ငွေကျပ် ၇ သိန်းကျော်ဖြစ်ကြောင်း သိရသည်။ယခင် ၂၀၂၅ ခုနှစ်က ဆိုလျှင် စစ်တွေမှ ရန်ကုန်သို့ သွားလျှင် ငွေကျပ် ၃ သိန်းခွဲဖြစ်ပြီး ရန်ကုန်မှ စစ်တွေသို့ လာလျှင် ငွေကျပ် ၄ သိန်းခွဲသာ ဈေးနှုန်းရှိခဲ့ကြောင်းလည်း သိရသည်။ထို့ကြောင့် လေယာဉ်လက်မှတ် ဈေးနှုန်းများသည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်း နိုဝင်ဘာလက စပြီး ဈေးနှုန်းများ တဖြည်းဖြည်း မြင့်တက်လာခြင်းဖြစ်သည်။ကျောက်ဖြူမှ ရန်ကုန် လေကြောင်းလိုင်းများသည်လည်း ယခင်နှစ်ကုန်ခါနီးတွင် ပိုမိုမြင့်တက်လာခြင်း ဖြစ်ပြီး ယခင်နှစ် ၁၁ လပိုင်းအထိ လေယာဉ် ဈေးနှုန်းများသည် ၅ သိန်းကျော်သာ ရှိကြောင်း သိရသည်။လက်ရှိရခိုင်ပြည်တွင် ကုန်းလမ်း၊ ရေလမ်းအားလုံးကို ပိတ်ထားပြီး လေကြောင်းလမ်း တစ်ခုတည်းကို သာဖွင့်ပေးထားခြင်းဖြစ်သည်။



