ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်တွင် ကျောက်တုံးချပြီးလုယက်ရန်ကြံစည်မှုတို့ရှိနေသဖြင့် သတိထားသွားလာကြရန် ဒေသခံနှင့်ကိုယ်တိုင်ကြုံတွေ့ခဲ့သူများက သတိပေးပြောဆိုမှုများရှိနေကြောင်း သိရသည်။အထူးသဖြင့် အချိုးအကွေ့များသည့်နေရာများတွင် လမ်းလယ်အထိ ကျောက်တုံးများချထားသည်ကိုတွေ့ရပြီး လူလေးဦးအောက်သာပါသည့် အိမ်စီးကားများအနေဖြင့် ညဘက်အသွားအလာမပြုလုပ်သင့်ကြောင်း ၎င်းတို့ကဆိုကြသည်။ချထားခြင်းကို နေ့အချိန်ထက် ညဘက်တွင်တွေ့ရှိမှုများပြားပြီး အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍လည်း လူမှုကွန်ရက်ပေါ်တွင် ဖော်ပြသတိပေးခြင်းများလည်းရှိနေကြောင်း လူမှုကွန်ရက်သုံးစွဲသူများက ဆိုထားကြသည်။ ထိုသတင်းများအရ လုယက်ရန်ကြံစည်မှုဖြစ်စဉ်အများဆုံးတွေ့ရှိရသည့် နေရာမှာ ရန်ကုန်-နေပြည်တော် လမ်းပိုင်းဖြစ်ပြီး နေပြည်တော်-မန္တလေးလမ်းပိုင်းတွင်မူ လုံခြုံရေးဂိတ်စခန်းများ ခပ်စိပ်စိပ်ချထားခြင်းကြောင့် တွေ့ရှိမှုနည်းပါးကြောင်း သိရသည်။



