မန္တလေးတွင်ဖြစ်ပွားခဲ့သော ငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများရှိခဲ့သည့် စစ်ကိုင်းမြို့ရှိ ရာဇာမဏိစူဠာ ကောင်းမှုတော်စေတီတော်ကြီးကို ပညာရှင်များဖြင့် တက်ရောက်စစ်ဆေးနိုင်ရေး ငြမ်းဆင်နေပြီဖြစ်ကြောင်း ဂေါပကအဖွဲ့မှ သိရသည်။ စေတီတော်၏ ကိုယ်ထည်၌ အက်ကွဲခြင်း၊ ဆေးကွာခြင်းများအပြင် ပရဝုဏ်အတွင်းရှိ သာသနိကအဆောက်အအုံတချို့လည်း ထိခိုက်မှုရှိခဲ့သဖြင့် သီတဂူဆရာတော်ကြီး၏ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်မည်ဖြစ်သည်။ စိန်ဖူးတော်တွင်လည်း ထိခိုက်မှုရှိခဲ့သော်လည်း မြေခတဲ့အထိမရောက်ကြောင်း ဖော်ပြထားသည်။ ထို့အပြင် သာလွန်မင်းတရားကြီးတည်စဉ်ကတည်းကတည်ရှိသော ဂန္ဓာကုဋိတိုက် (၄) လုံးနှင့် အဝင်ပြဿာဒ် (၄) လုံးတို့ကိုလည်း ပြုပြင်ထိန်းသိမ်းမည်ဖြစ်ပြီး မပြုပြင်နိုင်လျှင် အသစ်တည်ဆောက်သွားမည်ဟု သိရသည်။ ပြိုကျပျက်စီးသည့် အခြားသာသနိကအဆောက်အအုံများကိုတော့ ယခင်ကတည်းက ဖယ်ရှားရှင်းလင်းပြီးဖြစ်ကြောင်း ဂေါပကအဖွဲ့က ထပ်မံဖော်ပြသည်။



