စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် ဒေသခံပြည်သူများနှစ်ခြိုက်စွာ စားသုံးသောဒေသထွက် ရာသီပေါ်အစားအစာဖြစ်သည့် မိုးဦးပုရစ်များပေါများစွာထွက်ရှိသည့်အတွက် ဒေသခံပြည်သူများ အနေဖြင့် မိသားစုအပိုဝင်ငွေများရရှိလျက်ရှိကြသည်။ ရာသီနှစ်တစ်နှစ်တွင် ပုရစ်သည်မိုးဦးနှင့်ဆောင်းဦး ပေါက်ကာလများတွင်ပေါ်လေ့ရှိပြီး မိုးပုရစ်နှင့် ဆောင်းပုရစ်များတွင်ဥပါသောဆောင်းပုရစ်ကိုပို၍လူကြိုက်များကြသည်။မိုးဦးပုရစ်သည် ဆောင်းကာလ ၌ပေါ်သည့် ဆောင်းပုရစ်ကဲ့သို့ ဥများမပါရှိသည့်အပြင် အသားနူးညံ့လွန်းပြီး အစားမတော်ပါက ဝမ်းကိုက် တတ်သည်။ သို့သော် ဒေသခံများအနေဖြင့် မိုးဦးပုရစ်ကိုလည်း နှစ်ခြိုက်စွာစားသုံးကြပြီး မိမိတို့၏ မိသားစုဝင်များ၊ မိတ်ဆွေများထံသို့လည်း လက်ဆောင်အဖြစ် ပေးပို့လေ့ရှိကြောင်း သိရသည်။



