အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်နှင့် ကွန်ကာကပ်ဖ်နိုင်ငံများ၌ ပူးတွဲကျင်းပမည့် ၂၀၃၁ ပြိုင်ပွဲမှစ၍ ၄၈ သင်းပြိုင်ပွဲအဖြစ် ပြောင်းလဲကျင်းပရန် ကမ္ဘာ့ဘောလုံးအဖွဲချုပ်(FIFA) က ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ မေ ၉ ရက်က ပြုလုပ်သည့် FIFA ကောင်စီအစည်းအဝေးတွင် အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို ၃၂ သင်းမှ ၄၈ သင်းအထိ တိုးမြှင့်ကျင်းပမည့် အဆိုပြုမှုကို ကန့်ကွက်မှုမရှိဘဲ တစ်ညီတစ်ညွတ်တည်း အတည်ပြုဆုံးဖြတ်နိုင်ခဲ့ကြောင်း FIFA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၂၀၃၁ နှင့် ၂၀၃၅ ပြိုင်ပွဲအတွက် အိမ်ရှင်နိုင်ငံများကို ၂၀၂၆ ခုနှစ်မှ အတည်ပြုကြေညာမည်ဖြစ်သော်လည်း ၂၀၃၁ ပြိုင်ပွဲအတွက် အမေရိကန်နှင့် ၂၀၃၅ ပြိုင်ပွဲအတွက် အင်္ဂလန်ဦးဆောင်သည့် ဗြိတိန်ကျွန်းစုနိုင်ငံများကသာ အိမ်ရှင်အဖြစ် လျှောက်ထားမှုပြုလုပ်ထားသည်။



