အိန္ဒိယနိုင်ငံထဲမှာ တရားမဝင်အထောက်အထားအတုတွေ ကိုင်ဆောင်ထားတဲ့ မြန်မာ ကျောင်းသား ၆ ယောက်ကို နယ်ခြားစောင့် ထောက်လှမ်းရေးအဖွဲ့က သီးခြားစစ်ဆင်ရေး ၂ ခု အတွင်း ဖမ်းဆီးခဲ့ပါတယ်။ အဆိုပါ ပုဂ္ဂိုလ်တွေဟာ တရားဝင်နိုင်ငံကူးလက်မှတ်၊ ဒါမှမဟုတ် ဗီဇာမရှိဘဲ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်တွေအတွင်း မီဇိုရမ်ပြည်နယ်ကတဆင့် အိန္ဒိယနိုင်ငံထဲ တရားမ၀င် ဝင်ရောက်ခဲ့ကြတယ်လို့ ဖော်ပြခဲ့သလို သူတို့ဆီမှာ အိန္ဒိယနိုင်ငံသားမှတ်ပုံတင်ကတ်တွေ၊ မဲဆန္ဒရှင်အိုင်ဒီကတ်တွေနဲ့ အခွန်ဆောင် PAN ကတ်တွေ အပါအဝင် အတုပြုလုပ်ထားတဲ့ အထောက်အထား စာရွက်စာတမ်းတွေကို လက်ဝယ်တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ဖမ်းဆီးခံရသူတွေဟာ အသက် ၂၀ ကနေ ၂၈ နှစ်အကြား လူငယ်တွေဖြစ်ပြီး လတ်တလောမှာ သူတို့ကို တရားရုံးမှာ စွဲချက်တင်ခဲ့ပြီး ၁၄ ရက်ကြာ ဖမ်းဆီး ထားတယ်လို့ အိန္ဒိယ သတင်းမှာ ဖော်ပြထားပါသည်။



