ဧပြီ ၂၆ ရက် ဒေသစံတော်ချိန် ည ၈ နာရီဝန်းကျင်က ကနေဒါနိုင်ငံ ဗန်ကူဗာမြို့ရှိ ဖိလစ်ပိုင် ရိုးရာ Lapu Lapu Day ပွဲတော်၌ ထောင်ချီတက်ရောက်သော ပရိသတ်များအတွင်း AUDI SUV ကားဖြင့် လိုက်လံတိုက်ခဲ့သောကြောင့် ၅ နှစ်နှင့် ၆၅ နှစ်ကြား ၁၁ ဦးသေဆုံးခဲ့ရသည့်ဖြစ်စဉ်အတွက် တရားခံသည် အကြမ်းဖက်သမား မဟုတ်ကြောင်းနှင့် ဒုတိယအဆင့် လူသတ်မှုအဖြစ် စွဲချက်ပေါင်း ၈ ခု တင်လိုက်ကြောင်း သိရသည်။မျက်မြင်တစ်ဦးက ဘိုးလင်းဘောလုံးများတိုက်မိသဖြင့် ဘိုးလင်းတိုင်များ လေထဲလွင့်ပျံနေသလို လူကို ကားဖြင့်တိုက်ခံရသည့် အသံများသည် တစ်သက်တာမမေ့နိုင်သော အသံများဖြစ်ကြောင်း ပြောသည်။တရားခံမှာ အသက် ၃၀ အရွယ် ဒေသခံအမျိုးသား အဒမ်ကိုင်ဂျီဆိုသူဖြစ်ပြီး ယခင်ကလည်း စိတ်ပိုင်း ဆိုင်ရာ နာမကျန်းမှုများနှင့် မူမမှန်သောလုပ်ရပ်များ လုပ်ခဲ့ဖူးသည့်သမိုင်းကြောင်း ရှိသည့်အတွက် အကြမ်းဖက်တိုက်ခိုက်မှုမဟုတ်ဟု ဗန်ကူဗာရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။



