အာဖဂန်နစ္စတန်က ဟာကွာနီ(Haqqani) စစ်သွေးကြွကွန်ရက်ရဲ့ ခေါင်းဆောင်ဖြစ်သလို တာလီဘန်အစိုးရရဲ့ ပြည်ထဲရေးဝန်ကြီးလည်းဖြစ်တဲ့ စီယာဂျူဒင် ဟာကွာနီ(Sirajuddin Haqqani)အပေါ် အမေရိကန်က ဆုငွေ ထုတ်ထားမှုကို ဖယ်ရှားလိုက်ပြီ ဖြစ်ပါတယ်။ ဟာကွာနီစစ်သွေးကြွကွန်ရက်ဟာ အမေရိကန်ဦးဆောင်တဲ့ အာဖဂန်စစ်ပွဲ ကာလအတွင်းက အမေရိကန်၊ အိန္ဒိယသံရုံးနဲ့ နေတိုးတပ်ဖွဲ့တွေကို တိုက်ခိုက်တာ အပါအဝင် အထင်ရှားဆုံးနဲ့ အဆိုးရွားဆုံးတိုက်ခိုက်မှုတွေကို လုပ်ဆောင်ခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။ လက်ရှိမှာတော့ အဖွဲ့ခေါင်းဆောင် စီယာဂျူဒင် ဟာကွာနီအပါအဝင် ဒီကွန်ရက်ရဲ့ တခြား ခေါင်းဆောင်တွေဖြစ်တဲ့ စီယာဂျူဒင်ရဲ့ အကိုဖြစ်သူနဲ့ ယောက်ဖဖြစ်သူတွေကိုပါ ဆုငွေထုတ်ထားတာ မရှိတော့ ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူမှ အတည်ပြုပြောကြားထားပါတယ်။



