ပြင်သစ်လက်ရွေးစင်အသင်းနည်းပြ ဒေးရွှမ့်က ၎င်း၏ရာထူးကို ဆက်ခံရန် ရေပန်းစားနေသည့် ရီးယဲလ်မက်ဒရစ်နည်းပြဟောင်း ဇီဒန်းနှင့် ရင်းနှီးသည့်ဆက်ဆံရေး မရှိကြောင်းနှင့် အပြန်အလှန်လေးစားမှုသာ ရှိကြောင်း ပြောကြားခဲ့သည်။ အသက် (၅၆)နှစ်အရွယ်ရှိ ဒေးရွှမ့်သည် ပြင်သစ်လက်ရွေးစင်အသင်းကို ၂၀၁၂ ဇူလိုင်လတွင် စတင်ကိုင်တွယ်ခဲ့ပြီး လာမည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ရာထူးမှနုတ်ထွက်မည်ဟု အတည်ပြုထားသည်။ ၎င်း၏ပြင်သစ် နည်းပြရာထူးကို ဆက်ခံရန် ရီးယဲလ်မက်ဒရစ်အသင်းနည်းပြဟောင်း ဇီဒန်းက ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရသည်။ ဇီဒန်း (၅၂ နှစ်)သည် ၂၀၂၁ ခုနှစ်တွင် ရီးယဲလ်မက်ဒရစ်အသင်းနှင့်လမ်းခွဲပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေသူဖြစ်သည်။၎င်းသည် ရီးယဲလ်မက်ဒရစ်အသင်းနှင့်လမ်းခွဲပြီးနောက် ထိပ်တန်းကလပ်များ၏ ကမ်းလှမ်းမှုများကို ရရှိခဲ့သော်လည်း ငြင်းပယ်ခဲ့ပြီး ပြင်သစ်နည်းပြအဖြစ် ဆောင်ရွက်ရန်သာ စိတ်အားထက်သန်နေကြောင်း မီဒီယာများက ဖော်ပြနေကြသည်။



