Land of Smiles လို့ ခေါ်ကြတဲ့ ထိုင်းဟာ ကမ္ဘာ့ အပျော်ရွှင်ဆုံး နိုင်ငံစာရင်းမှာ အဆင့်ကျဆင်းသွားပါတယ်။ World Happiness Report မှာ ထိုင်းဟာ နံပါတ် ၄၉ နေရာကို ကျဆင်းသွားပြီး အရှေ့တောင်အာရှမှာ ထိုင်းရဲ့ အထက်မှာ စင်ကာပူနဲ့ ဗီယက်နမ်တို့ ရှိနေပါတယ်။ စာရင်းမှာ နံပါတ် ၁ နေရာကို သိမ်းပိုက်ထားတာက ဖင်လန် ဖြစ်ပြီး ၈ နှစ်ဆက်တိုက် နံပါတ် ၁ နေရာကို ရထားပါတယ်။ အမေရိကန်က နံပါတ် ၂၄ နေရာကို ရထားပြီး နိုင်ငံသမိုင်းမှာ အဆိုးဆုံး ရလဒ် ဖြစ်ပါတယ်။ အဲဒီ အဆင့် သတ်မှတ်ချက်ကို နိုင်ငံ ၁၄၀ ကျော်မှာ စစ်တမ်းကောက်ယူထားတဲ့ Gallup World Poll ရဲ့ ဒေတာတွေကို အခြေပြုထားတာ ဖြစ်ပါတယ်။ နိုင်ငံ GDP ၊ လူမှု ကူညီထောက်ပံ့မှု၊ ကျန်းမာတဲ့ ဘဝနေထိုင်မှု၊ လွတ်လပ်မှု၊ ရက်ရောပေးကမ်းမှုနဲ့ အကျင့်ပျက်ခြစားမှု နည်းပါးမှု စတဲ့ အဓိက အချက် ၆ ခုကနေ စစ်တမ်း ကောက်ယူခဲ့တာ ဖြစ်ပါတယ်။



