ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ပဲခူးမြို့ရှိ ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးတွင် မျက်စိခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။ ပြီးခဲ့သည့် နှစ်ပတ်ခန့်မှစတင်ကာ လူနာ ၈၅၀ ကို စမ်းသပ်စစ်ဆေးခဲ့ပြီး ခွဲစိတ်ရန်လိုအပ်သူ ၂၅၀ အနက် တစ်ရက်လျှင် ၅၀ ဦးနှုန်းဖြင့် မတ် ၁၇ ရက်မှစတင်ကာ မျက်စိခွဲစိတ်ကုသမှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် မျက်စိခွဲစိတ်ကုသမှုခံယူပြီးစီးသူများနှင့် တွေ့ဆုံအားပေးခဲ့ပြီး မျက်မှန်နှင့် အာဟာရဖြည့်စွက်စာများ ပေးအပ်ခဲ့သည်။ ထို့အပြင် ခွဲစိတ်ကုသပေးခဲ့သော ဆရာဝန်ကြီးများအား ဂုဏ်ပြုချီးမြှင့်ငွေများလည်း ပေးအပ်ခဲ့သည်။



